၁၇.၁၁.၂၀၂၅
Written & Photo by Nay Yaung Lin
တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းသည် လသာမြို့နယ်ရှိ မဲဆန္ဒရှင်များနှင့် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းကတွေ့ဆုံခဲ့ပြီး လက်ကမ်းစာစောင်များလိုက်လံဝေငှခဲ့ကြောင်း သိရသည်။
လသာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်စန္ဒာမင်းနှင့်အတူ တစ်သီးပုဂ္ဂလ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သန်းလည်း လိုက်လံတွေ့ဆုံကာ စည်းရုံလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။



ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ‘‘အခုဆိုရင် ကျွန်မက လသာမြို့နယ်မှာ လမ်း (၄) လမ်းလောက် သွားပြီးပြီ။ အိမ်တွေကို ဝင်လို့ရတဲ့အိမ်ဝင်တယ်။ စကားပြောတယ်။ ပန်းဖလက်ဝေတယ်။ သူတို့ကို ကျွန်မမဲလာပေးပါလို့ ပြောတယ်။ အများဆုံးတွေ့ရတာက လသာမြို့နယ်မှာ ဆိုင်တွေရှိတဲ့အတွက် ဧည့်စာရင်းတိုင်ပြီးနေတဲ့ ဝန်ထမ်းလေးတွေ တွေ့ရတယ်။ ဒီဝန်ထမ်းလေးတွေက သိပ်ပြီးတော့ စိတ်မဝင်စားဘူးဆိုတာ တွေ့ရတယ်။ မဲစာရင်း ကိုယ့်နာမည်ပါမပါကိုတောင် သွားမကြည့်တာမျိုးတွေ့ရတယ်။ ကျွန်မတို့က ပန်းဖလက်ဝေရင်းနဲ့ မဲစာရင်းလေးသွားကြည့်ပြီးပြီလား။ မဲစာရင်းလေး သွားကြည့်ပါဦး။ ပြီးရင်တော့ မဲပေးဖို့ လိုအပ်ပါတယ်နော်လို့ ပန်းဖလက်ဝေရင်းနဲ့ တောက်လျှောက်ပြောရပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် လသာမြို့နယ်ကိုယ်စားပြု၍ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပုံကိုလည်း ဒေါ်စန္ဒာမင်းက ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။
“ကျွန်မကို လသာမြို့နယ်က ပြည်သူတွေက ဖိတ်ခေါ်လို့ ဝင်ပြိုင်တာဖြစ်ပါတယ်။ တကယ်တော့ ကျွန်မနေတာက ဗဟန်းမြို့နယ်။ ပထမတုန်းကတော့ ကျွန်မ ဗဟန်းမြို့နယ်ကနေပဲ ဝင်ပြိုင်မယ်လို့ စာရင်းပေးထားတာပါ။ ဒါပေမဲ့ အဲဒီတုန်းကတော့ NDF ပါတီအနေနဲ့ပါ။ ပါတီက ပျက်သွားတဲ့အချိန်မှာ တစ်သီးပုဂ္ဂလကပဲ ဝင်ပြိုင်တော့မယ်ဆိုတော့ လူဦးရေအနည်းဆုံးနေရာကိုလည်း ရှာတယ်ပေါ့။ အဲဒီအချိန်မှာ လသာမြို့နယ်က ကျွန်မတို့ရဲ့ မိတ်ဆွေတွေက အိုကေ လသာမြို့နယ်မှာလည်း ၀င်ပြိုင်ပေးပါ။ တကယ်လို့ လသာမြို့နယ်က ကျွန်မနိုင်ခဲ့ရင် လသာမြို့နယ်မှာ ကျွန်မလုပ်ပေးချင်တဲ့ ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ပေးခြင်ပါတယ်လို့ ပြောတဲ့အခါကြတော့ ကျွန်မဝမ်းသာအားရနဲ့ လသာမြို့နယ်ကို လာခဲ့တာပါ” ဟု ဒေါ်စန္ဒာမင်းက ဆက်လက် ပြောကြားခဲ့သည်။
ယနေ့လူထုနှင့်တွေ့ဆုံ လှုပ်ရှားမှုကို လသာမြို့နယ်၊ ၄ ရပ်ကွက်၊ လမ်း ၂၀ အပေါ်ဘလောက်မှ အောက်ဘလောက်အထိ ပြုလုပ်ခဲ့သည်။



တစ်သီးပုဂ္ဂလက ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် ဒေါ်စန္ဒာမင်းနှင့် ဦးဝင်းမြင့်သန်းသည် လသာမြို့နယ်၌ နိုဝင်ဘာ ၈ ရက်တွင် ၁၇ လမ်းက စတင်၍ လူထုနှင့်တွေ့ဆုံခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ရာ ၁၇ လမ်း၊ ၁၈ လမ်း၊ ၁၉ လမ်းနှင့် ယခု လမ်း ၂၀ တွင် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
လသာမြို့နယ်၊ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းသည် ၂၀၁၂ မှ ၂၀၁၅ အထိ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ လွှတ်တော် စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုကော်မတီတွင်လည်းကောင်း၊ ၂၀၁၅ မှ ၂၀၂၀ အထိ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တစ်သီးပုဂ္ဂလ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သန်းသည် ၂၀၁၈ မှ ၂၀၂၀ အထိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရသည်။



