၁၇.၁၁.၂၀၂၅
Written by NYL
ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းများ၏ ပါတီအောင်နိုင်ရေးလှုပ်ရှားမှုတွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေအောင်နှင့် အခြားသရုပ်ဆောင်များ ပါဝင်ဝန်းရံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထုတ်ပြန်မှုအရ သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ဒလမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်မြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်သီဟ၊ တိုင်းဒေသကြီး ကိုယ်စားလောင်း ဒေါ်ဆွေဆွေဝင်းနှင့် တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ဦးသန့်စင်ကျော်တို့သည် ဒလမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများနှင့် နိုဝင်ဘာ ၁၅ ရက်က တွေ့ဆုံမိတ်ဆက်ကာ ပါတီအောင်နိုင်ရေးဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။



အဆိုပါတွေ့ဆုံမိတ်ဆက်ပွဲသို့ တက်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူများကို ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်၊ အနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ ရှပ်ရှင်အနုပညာရှင် ဦးနေအောင်၊ သရုပ်ဆောင်/မော်ဒယ်ဝိုင်းဝိုင်း၊ မော်ဒယ် ဝေယံ၊ မြင့်မြတ်ကေသီတို့မှ လိုက်ပါဝန်းရံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ထားသည်။
ထိုတွေ့ဆုံပွဲတွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်မြင့်က တွံတေးခရိုင်အတွင်းရှိ မြို့နယ်များ၊ ဒလမြို့နယ်မှ ပြည်သူများ သောက်သုံးရေရရှိရေးနှင့် ပညာရေး၊ ကျန်းမာရေးအတွက်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေး၊ အလုပ်သမားများနှင့် တောင်သူလယ်သမားများ အခွင့်အရေးများရရှိခံစားနိုင်ပြီး လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ မိခင်နှင့်ကလေးများ ကျန်းမာဖွံ့ဖြိုးရေးနှင့် လူငယ်/လူရွယ်များအား နိုင်ငံချစ်စိတ်နှင့် ကြံ့ခိုင်ဖွံ့ ဖြိုး တိုးတက်ရေးအတွက်လည်းကောင်း၊ ယခင်က မြို့အင်္ဂါရပ်နှင့်အညီ တည်ဆောက်ပေးခဲ့သည့် မြို့တော်ခန်းမ၊ ဒလမြို့ဂုဏ်ဆောင် အမျိုးသားအားကစားပွဲတော်အဆင့်ဘောလုံးကွင်း၊ ပြည်သူ့ပန်းဥယျာဉ်နှင့် ကလေးကစားကွင်း စသည်တို့ကို အဆင့်မြင့်တင်ဆောင်ရွက်ပေးလိုခြင်းကြောင့် ပါတီနိုင်ငံရေး လမ်းကြောင်းကိုရွေးချယ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျန်ရှိသည့် ကိုယ်စားလှယ်လောင်းများကလည်း ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံရခြင်းအကြောင်းနှင့် မိမိတို့နိုင်ငံ၏ရွေးကောက်ပွဲ ဆောင်ရွက်မည့်အစီအမံများ၊ ပါတီ၏ ရှေ့လုပ်ငန်းစဥ်များနှင့် ပါတီ၏ ကတိကဝတ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားသို့ ပါတီနာယကများ၊ မြို့နယ်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ၁၁/၁၄ ရပ်ကွက်၊ ၆ နံပါတ် ရပ်ကွက်၊ ရာဇသင်္ကြန်ရပ်ကွက်၊ ညောင်ကုန်းရပ်များမှ ပါတီဝင်များ၊ ပါတီဝန်းရံများနှင့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။



