၁၇ .၁၁. ၂၀၂၅
Written by Thiri
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနမှ အချိန်ပိုင်းအနုပညာဒီပလိုမာ၊ Film Making သင်တန်းကို လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။
အရင် အချိန်ပိုင်းအနုပညာဒီပလိုမာ (ဓာတ်ပုံ) သင်တန်းအစား အချိန်ပိုင်းအနုပညာဒီပလိုမာ၊ Film Making သင်တန်းကို ပြောင်းလဲဖွင့်လှစ်တာဖြစ်ပြီး သင်တန်းကို Level (၃) ခုနဲ့ စုစုပေါင်း အချိန် (၉) လ ဖွင့်လှစ်သင်ကြားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို ဘွဲ့ရရှိပြီးသူတွေ၊ အခြေခံပညာ Grade-12 (သို့မဟုတ်) ဒသမတန်းအထိ တက်ရောက်ခဲ့သူတွေ တက်ရောက်သင်ကြားနိုင်မှာဖြစ်ပြီး သင်တန်းပြီးမြောက်ပါက ဘွဲ့ရရှိပြီးသူတွေနဲ့ အခြေခံပညာ Grade-12 သို့မဟုတ် ဒသမတန်း အောင်မြင်ပြီးသူတွေကို Diploma in Arts (Film Making) ကိုလည်းကောင်း၊ အခြေခံပညာ အထက်တန်းအထိ တက်ရောက်ခဲ့သူတွေကို Film Making အထူးပြုအနုပညာ အောင်လက်မှတ်ကိုလည်းကောင်း ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
NUAC သင်တန်းရေးရာဌာနကို ဆက်သွယ်စုံစမ်းမှုအရ “သင်တန်း Level -1 အတွက် လူတွေ့ကို လာမယ့် နိုဝင်ဘာ ၂၇ ရက်မှာ ဖြေရမယ်။ ပြီးရင် ဝင်ခွင့်ရသူတွေကို ၂၈ ရက်မှာ ကြေညာမယ်။ အဲ့ဒီအခါကြရင် သင်တန်းကြေးက နှစ်သိန်း၊ ဖောင်ဖိုး ၂၀၀၀ ကျပ်နဲ့ ကျောင်းသားကတ်ဖိုး ၃၀၀၀ ကျပ်အပြင် ယဉ်ကျေးမှုတက္ကသိုလ်က ထုတ်ဝေတဲ့ မဂ္ဂဇင်းစာအုပ် ကျပ် ၂၅၀၀၀ ကို ဝယ်ယူပေးရမယ်”လို့ ပြန်လည်ဖြေကြားပါတယ်။
အဓိက သင်ကြားမယ့် ဘာသာရပ်တွေက ဓာတ်ပုံ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ တည်းဖြတ် ဘာသာရပ်တွေအပြင် အထောက်အကူပြု ဘာသာရပ်တွေဖြစ်တဲ့ သရုပ်ဆောင်၊ အနုပညာစီမံခန့်ခွဲမှု၊ ရုပ်ရှင်ထုတ်လုပ်ရေးစီမံခန့်ခွဲမှု ဘာသာရပ်တွေကို ပေါင်းစပ်သင်ကြားသွားမှာလို့ သိရပါတယ်။
လျှောက်ထားရမယ့် ပုံစံက ဘွဲ့ရပြီးပါက ဘွဲ့လက်မှတ် မိတ္တူ၊ လိုင်စင်ဓာတ်ပုံ ငါးပုံနဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ မတိုင်မီ ကျောင်းကို လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
အသေးစိတ်ကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သင်တန်းရေးရာဌာန၊ ဖုန်း- ၀၉-၄၂၁၀၁၂၈၀၈၊၀၉-၇၈၈၁၈၉၁၈၀၊ ၀၉-၂၅၀၀၈၈၂၆၈ သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။
