၁၇. ၁၁. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ သောင်းဖားဖုန်းခရိုင်အတွင်း လျှို့ဝှက်စွာ ရွှေတူးဖော်နေသည့် တရားမဝင် သတ္တုတူးဖော်ရေးဂိုဏ်းကို ထိုင်းတပ်မတော်နှင့် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုအတွင်း လက်နက်ကိုင် မြန်မာနိုင်ငံသား လေးဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တရားမဝင် ရွှေတူးဖော်မှုတားမြစ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အကြီးအကဲဖြစ်သူ ခရိုင်အုပ်ချုပ်ရေးမှူး ချက္ကရစ် တမ်ပီယန်ဦးဆောင်သော Surasi Task Force လက်အောက်ရှိ Lad Ya Special Task Force မှ တပ်ဖွဲ့များနှင့် သောင်းဖားဖုန်း အမျိုးသားဥယျာဉ်တို့ ပူးပေါင်းကာ သောင်းဖားဖုန်းခရိုင်အတွင်း သစ်တောမြေကျူးကျော်မှုများကို နှိမ်နင်းရန် စီစဉ်ထားသော စစ်ဆင်ရေးကို စတင်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအပေါ် သောင်းဖားဖုန်းအမျိုးသားဥယျာဉ် အကြီးအကဲ ယုသာပေါင် ဒမ်စရီဆွခ်က ဒုတိယဝန်ကြီးချုပ်နှင့် သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဆုချတ် ချွမ့်ကလင်း၏ ညွှန်ကြားချက်အရ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဝန်ကြီးက အမျိုးသားဥယျာဉ်အတွင်း ဆက်လက်ဖြစ်ပေါ်နေသော တရားမဝင် ရွှေတူးဖော်မှုလုပ်ငန်းများကို တားဆီးရန်အတွက် နယ်ခြားစောင့်ရဲ (BPP)၊ စစ်တပ်တပ်ခွဲများနှင့် ခရိုင်အာဏာပိုင်များ ပူးပေါင်းကာ ပူးပေါင်းစစ်ဆေးရေးဂိတ်များ ဖွဲ့စည်းရန်၊ ကင်းလှည့်မှုများကို တိုးမြှင့်ရန်နှင့် ဥပဒေကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ရန်လည်း ညွှန်ကြားထားသည်ဟု ဆိုသည်။
စစ်ဆင်ရေးသည် ပီလော့ခ်ရပ်ကွက်၊ အမှတ် ၄ ကျေးရွာရှိ ပီလော့ခ်ကီသစ်တောကို ပစ်မှတ်ထားခဲ့ပြီး ၎င်းနေရာသည် 1A ရေဝေရေလဲဇုန် (Watershed Zone) ဖြစ်သလို ယခင်က တရားမဝင် ရွှေကျင်ခြင်း (Gold Panning) ကိစ္စများနှင့် ဆက်စပ်မှုရှိသော နေရာလည်းဖြစ်သည်။ တာဝန်ရှိသူများက ကျူးကျော်နယ်မြေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ရန်အတွက် CCTV ကင်မရာများ တပ်ဆင်ထားခဲ့သည်။ ည ၁၀ နာရီခန့်တွင် ကင်မရာများက သေနတ်တိုနှင့် သေနတ်ရှည်များ အပါအဝင် လက်နက်များ ကိုင်ဆောင်ထားသော သံသယရှိသူ ၁၅ ဦးခန့်သည် တရားမဝင် ရွှေတူးဖော်ရန် သစ်တောထဲသို့ ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့သည်။ ည ၁၁ နာရီခွဲတွင် လုံခြုံရေးပူးပေါင်းအဖွဲ့က အဆိုပါနေရာကို ပိတ်ဆို့ကာ ဝင်ရောက်စီးနင်းပြီး တူးဖော်မှုများကို ရပ်တန့်ရန် အမိန့်ပေးခဲ့သည်။ သို့သော် သံသယရှိသူများက ၎င်းတို့ ကျွမ်းကျင်သော မြေပြင်အနေအထားကို အသုံးပြု၍ အမှောင်ထဲသို့ ထွက်ပြေးခဲ့ကြသည်။
အာဏာပိုင်များသည် အခင်းဖြစ်ပွားရာနေရာ၌ သံသယရှိသူ လေးဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အားလုံးသည် မြန်မာနိုင်ငံသားများ သို့မဟုတ် ကရင်လူမျိုးစု မြန်မာနိုင်ငံသားများဖြစ်ကြပြီး တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသူများ ဖြစ်သည်။
ဖမ်းမိသူများတွင် အသက် ၃၅ နှစ်အရွယ် ကိုအော၊ အသက် ၃၀ အရွယ် ကိုအောင်၊ အသက် ၄၄ နှစ်အရွယ် ကျော်လေး၊ အသက် ၄၅ နှစ်အရွယ်ဖြစ်ပြီး ပီလော့ခ်ကီတွင်နေထိုင်သူ တူးလာတို့ကို ဖမ်းမိသည့်အပြင် ထွက်ပြေးသွားသော သံသယရှိသူ ငါးဦးပိုင်ဆိုင်သည့် မြန်မာနိုင်ငံသားစိစစ်ရေးကတ်များ ပါသော ပိုက်ဆံအိတ်တစ်လုံးကိုလည်း တွေ့ရှိခဲ့သည်။
အဆိုပါ ရွှေခိုးတူးရာနေရာမှ တရားမဝင် လုပ်ငန်းသုံးပစ္စည်း စုစုပေါင်း ၄၀ ကို သိမ်းဆည်းရမိခဲ့ပြီး ထိုပစ္စည်းများတွင် ရွှေတူးဖော်ရေး ကိရိယာများဖြစ်သော သံတူရွင်းများ၊ ဆောက်များ၊ သံတူကြီးများ၊ လက်တံတိုသည့်ပေါက်ပြားများနှင့် ရွှေကျင်ဗန်းများ၊ ကျည် ၁၀ တောင့်ပါ လက်လုပ် .22LR ရိုင်ဖယ် ၁ လက်၊ ဆက်သွယ်ရေးနှင့် ကိုယ်ရေးကိုယ်တာ ပစ္စည်းများဖြစ်သည့် မိုဘိုင်းဖုန်း ၉ လုံး၊ ရေဒီယို ၂ လုံး၊ ခေါင်းဆောင်းမီး ဓာတ်မီး ၁၁ လုံး၊ ပုခက် ၉ လုံးနှင့် မြန်မာကျပ်ငွေ အနည်းငယ်ကို သိမ်းဆည်းနိုင်ခဲ့သည်။
လက်ရှိတွင် ခိုးဝင်ရွှေတူးသူများသည် ထိုင်းနိုင်ငံ၏ သစ်တောဥပဒေများအောက်တွင် ပြင်းထန်သော စွဲချက်များစွာနှင့် ရင်ဆိုင်နေရသည်။ ယင်းစွဲချက်များမှာ ၁၉၄၁ ခုနှစ် သစ်တောအက်ဥပဒေ၊ ၁၉၆၄ ခုနှစ် အမျိုးသား ကြိုတင်သတ်မှတ်သစ်တောအက်ဥပဒေနှင့် ၂၀၁၉ ခုနှစ် အမျိုးသားဥယျာဉ်အက်ဥပဒေတို့အရ တရားမဝင် ကျူးကျော်ခြင်း၊ သစ်တောမြေ ရှင်းလင်းခြင်းနှင့် ဖျက်ဆီးခြင်းနှင့် တရားမဝင် သိမ်းပိုက်ခြင်းတို့အပြင် လက်နက်ဆိုင်ရာ ပြစ်မှုများလည်း ပါဝင်သည်။
အာဏာပိုင်များသည် ဖမ်းဆီးရမိသည့်ဖြစ်စဉ်ဆိုင်ရာ အစီရင်ခံစာများ ပြင်ဆင်ပြီး သက်ဆိုင်ရာ သက်သေအထောက် အထားများ အားလုံးကို စုဆောင်းကာ ဥပဒေအရ ဆောင်ရွက်ရန်အတွက် သံသယရှိသူ လေးဦးကို ပီလော့ခ်ရဲစခန်းမှ စုံစမ်းစစ်ဆေးသူများထံ လွှဲပြောင်းပေးခဲ့သလို ကျန်ရှိသော သံသယရှိသူများကို ခြေရာခံ ဖမ်းဆီးရန် ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နေသည်။
ထိုဖြစ်စဉ်အပေါ် သောင်းဖားဖုန်း အမျိုးသားဥယျာဉ် အကြီးအကဲ ယုသာပေါင်က တင်းကျပ်စွာ အရေးယူဆောင်ရွက်မှု ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်းကို“သောင်းဖားဖုန်း အမျိုးသားဥယျာဉ်သည် ကျွန်ုပ်တို့၏ အရေးပါသော ရေဝေရေလဲသစ်တောများကို ကာကွယ်ရန် ဥပဒေကို အတိအကျ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ သဘာဝအရင်းအမြစ် ကျူးကျော်မှု ပုံစံအားလုံးကို ရပ်တန့်နိုင်ရန် အဖွဲ့အစည်းတိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။”ဟု ပြောကြားခဲ့သည်။
Ref: The Nation Thailand




