၁၇.၁၁.၂၀၂၅.
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံမှ ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့သို့ အစ္စလာမ်ဘာသာဝင် ဝတ်ပြုသူများလိုက်ပါလာသော ဘတ်စ်ကားတစ်စီးက မာဒီနာမြို့အနီးတွင်နိုဝင်ဘာလ ၁၇ ရက်က ဒီဇယ်ဆီတင်ထရပ်ကားကြီးတစ်စင်းနှင့် တိုက်မိခဲ့ရာ လိုက်ပါလာသူ အနည်းဆုံး ၄၅ ဦးမှာ မီးလောင်ကျွမ်းသေဆုံးခဲ့ကြောင်းသိရသည်။ သေဆုံးသူများက အိန္ဒိယနိုင်ငံသားများဟု ယုံကြည်ရပြီး အချို့မှာ ဟိုက်ဒရာဘတ်မြို့မှ ဖြစ်သည်ဟု ဆိုသည်။
အိန္ဒိယနိုင်ငံမှ မက္ကာသို့လာရောက်ဝတ်ပြုသူ အနည်းဆုံး ၄၅ ဦး သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်ပြီးနောက် အိန္ဒိယနိုင်ငံ၊ တယ်လီဂါနာပြည်နယ်အစိုးရက ရီယာ့ဒ်မြို့ရှိ အိန္ဒိယသံရုံးနှင့် ဆက်သွယ်မှုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျနိုင်ငံ၌ ဘတ်စ်ကား မတော်တဆမှုတွင် သေဆုံးသူများအနက် အနည်းဆုံး ၁၆ ဦးက ဟိုက်ဒရာဘတ် ဒေသခံများဖြစ်သည်ကို ရှေးဦးအချက်အလက်များအရ သိရကြောင်း တယ်လီဂါနာပြည်နယ်သတင်းအချက်အလက်နည်းပညာဝန်ကြီး ဒီ ဆရစ်ဒါ ဘာဘူက ပြောကြားခဲ့သည်။ အရာရှိများသည် သေဆုံးသူများ၏ အမည်များကို အတည်ပြုနေဆဲဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံရှိ ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ ဖြစ်ရပ်တွင် နိုဝင်ဘာလ ၁၇ ရက်၌ မက္ကာဝတ်ပြုသူများ တင်ဆောင်လာသော ဘတ်စ်ကားသည် မာဒီနာမြို့အနီးတွင် ဒီဇယ်ဆီတင်ကားနှင့် တိုက်မိပြီးနောက် မီးလောင်ကျွမ်းကာ အနည်းဆုံး လူ ၄၅ ဦး သေဆုံးခဲ့ရခြင်းဟု သိရသည်။
ဟိုက်ဒရာဘတ် ရဲမင်းကြီး ဆတ်ဂျာနား ကလည်း “လူ ၄၅ ဦး မီးလောင် သေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ တစ်ဦးသာ ဆေးရုံတွင် ကုသမှုခံယူနေရတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့သည် နိုဝင်ဘာ ၉ ရက်တွင် ဟိုက်ဒရာဘတ်မှ ထွက်ခွာခဲ့ပြီး မက္ကာတွင် ဝတ်ပြုပြီးနောက် မာဒီနာသို့ပြန်လာကြစဉ် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူများ၏ ဆွေမျိုးတစ်ဦးက ပြောကြားခဲ့သည်။
ရဲမင်းကြီး ဆတ်ဂျာနားက မက္ကာဝတ်ပြုအဖွဲ့၏ ခရီးစဉ်အချိန်ဇယားသည် နိုဝင်ဘာ ၉ ရက်မှ ၂၃ ရက်အထိဖြစ်ပြီး စုစုပေါင်း ၅၄ ဦး သည် နိုဝင်ဘာ ၉ ရက်တွင် ဟိုက်ဒရာဘတ်မှ ဂျက်ဒါသို့ လေယာဉ်ဖြင့် ပျံသန်းခဲ့ကြောင်း၊ ၎င်းတို့အနက် လေးဦးသည် ကားဖြင့် မာဒီနာသို့ ထွက်ခွာခဲ့ပြီး အခြားလေးဦးမှာ မက္ကာတွင် ကျန်ရစ်ခဲ့ကြောင်း၊ ကျန်ရှိသော ၄၆ ဦးက ဘတ်စ်ကားဖြင့် ဆက်လက်ခရီးနှင်ခဲ့ကြခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
Ref-Hindustan Times
