၁၇.၁၁.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်က ရာထူးမှဖယ်ရှားခံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း အာဆာဒတ်ဇာမန် ခန်း ကမယ်လ်တို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ဆူပူအုံကြွမှုအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက်ဟူသောစွဲချက်ဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICT) က နိုဝင်ဘာလ ၁၇ ရက်တွင် သေဒဏ် စီရင်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။
ရဲချုပ်ဟောင်း ချောင်ဒူရီ အဗ္ဗဒူလာ အယ်လ်-မာမွန်က ၎င်း၏အပြစ်ကို ဝန်ခံပြီး တရားရုံးတွင် ဝန်ကြီးချုပ်ဟောင်းနှင့် ပြည်ထဲရေးဝန်ကြီးအား တရားစွဲဆိုချက်တွင် အများပြည်သူ့သက်သေအဖြစ် ထွက်ဆိုပြီးနောက် ၎င်းအား ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည်။ ထို့နောက်တွင် ၎င်းကအဖြစ်အပျက်များကိုသိသရွေ့ အပြည့်အဝနှင့် မှန်ကန်စွာ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ခုံရုံးက ဆုံးဖြတ်ပြီးနောက်တွင်မူ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့သည်။
တရားသူကြီး ဂိုလမ် မော်တူဇာ မာဇမ်ဒါ ဦးဆောင်သော အဖွဲ့ဝင်သုံးဦးပါ ICT-1 ခုံရုံးသည် အဆိုပါ ထင်ရှားသောအမှုတွင် လပေါင်းများစွာ ကြားနာမှုများပြုခဲ့ပြီးနောက် နိုဝင်ဘာလ ၁၇ ရက်၊ မွန်းလွဲ ၁၂ နာရီ ၄၀ ခန့်တွင် ကြာမြင့်စွာ စောင့်မျှော်နေကြသော စာမျက်နှာ ၄၅၃ မျက်နှာပါ စီရင်ချက်ကို စတင်ဖတ်ရှုခဲ့သည်။
၂၀၂၄ ခုနှစ် ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြပွဲများအတွင်း သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အသက်အန္တရာယ်ရှိသော အင်အားအသုံးပြုမှုတို့အတွက် သုံးဦးစလုံးသည် အမိန့်ပေးတာဝန်ရှိကြောင်း ခုံရုံးက တွေ့ရှိခဲ့သည်။
ဟာစီနာအား စွဲချက် ၂ အရ ပြစ်မှုသုံးခုဖြင့် တရားစွဲခဲ့ပြီး ကမယ်လ်နှင့် မာမွန်တို့အား မောင်းသူမဲ့ လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ကျည်ဆန်များကို အသုံးပြုရာတွင် အားပေးအားမြှောက်ပြုမှုနှင့် ၎င်းတို့၏ အမိန့်အောက်တွင်ရှိသော တပ်ဖွဲ့များကို ထိန်းချုပ်ရန် ပျက်ကွက်မှုတို့အတွက် စွဲချက်နှစ်ခုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
တရားသူကြီးများက ဟာစီနာ၊ ကမယ်လ်နှင့် မာမွန်တို့သည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအတွင်း အမိန့်များ၊ လှုံ့ဆော်မှု၊ အားပေးကူညီမှုနှင့် အရေးယူမှုမရှိဘဲ လုပ်ဆောင်မှုများမှတစ်ဆင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ကောက်ချက်ချခဲ့သည်။
ICT ရှေ့နေများက ဟာစီနာနှင့် ကမယ်လ် တို့အား အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်ရန်ကြိုးစားခဲ့သည့်အပြင် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက် စီရင်ချက်အပြီးတွင် Interpol ၏ဖမ်းဝရမ်းကို ထပ်မံသက်တမ်းတိုးရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့ကြသည်။
ခုံရုံးက သေဒဏ်ချမှတ်ခဲ့သော ဟာစီနာနှင့် ကမယ်လ်တို့သည် ၂၀၂၄ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သော လူထုဆူပူအုံကြွမှုအတွင်း အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်သည်။
မာမွန် တစ်ဦးသာ နိုင်ငံတော်သက်သေအဖြစ် ထွက်ဆိုခဲ့ပြီး ၎င်း၏ပါဝင်ပတ်သက်မှုကို ဝန်ခံခဲ့သည်။
ယင်းစီရင်ချက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းတစ်ဦးအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပထမဆုံးအကြိမ်အဖြစ် သေဒဏ်ချမှတ်ခံရခြင်းဖြစ်ပြီး နိုင်ငံ၏ မကြာသေးမီက နိုင်ငံရေးသမိုင်းတွင် အရေးအကြီးဆုံး ရုံးတင်စစ်ဆေးမှုများထဲမှ တစ်ခုကို အဆုံးသတ်စေခဲ့သည်။
Ref- Dhaka Tribune
