◾️ ကျောက်စိမ်းရိုင်းအတွဲ ၅,၀၆၄ တွဲ၊ကျောက်စိမ်း အချောထည်အတွဲ ၂၁ တွဲ၊ ကျောက်မျက်ရိုင်းအတွဲ ၁၃ တွဲ၊ ကျောက်မျက်လက်ဝတ်ရတနာအတွဲ ၁၄၇ တွဲ၊ ပုလဲအတွဲ ၄၈၉ တွဲ ရောင်းချပေးမည်
၁၇. ၁၁. ၂၀၂၅
Written by Nyein Kyaw
အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
ယာယီသမ္မတနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာ့ပုလဲများ ထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများ ထုတ်လုပ်မှုနှင့် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြသည်။

ထို့နောက် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ယာယီသမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပုဂ္ဂလိက ကျောက်မျက်ရတနာအချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့မှစတင်၍ နိုဝင်ဘာ ၂၆ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျောက်စိမ်းရိုင်းအတွဲ ၅,၀၆၄ တွဲ၊ ကျောက်စိမ်း အချောထည်အတွဲ ၂၁ တွဲ၊ ကျောက်မျက်ရိုင်းအတွဲ ၁၃ တွဲ၊ ကျောက်မျက်လက်ဝတ်တနာအတွဲ ၁၄၇ တွဲ၊ ပုလဲအတွဲ ၄၈၉ တွဲတို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို အိတ်ဖွင့်ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
