◾️ ကျူးလွန်သည့်မြန်မာအမျိုးသားအပါအဝင် တရားခံသုံးဦး ဖမ်းမိထားပြီး သေဆုံးမြန်မာအမျိုးသမီးမှာ ကိုယ်ဝန်ဆောင်ဟုလည်း ဖော်ပြနေကြ
သက်တန့်
၁၇. ၁၁. ၂၀၂၅
မလေးရှားနိုင်ငံ၊ ပီနန်းမြို့၊ ဆီဘီရန်ပီရိုင်း၊ လိုရောင် ဘူကစ်ဂျူရူရှိ ထိုင်းစတိုင် စားသောက်ဆိုင်တစ်ဆိုင်တွင် အစားအသောက် အရည်အသွေးနှင့် ပတ်သက်၍ ဖောက်သည်တစ်ဦး၏ တိုင်ကြားမှုမှ စတင်ခဲ့သော အငြင်းပွားမှုသည် တနင်္ဂနွေနေ့ညနှောင်းပိုင်း လူသတ်မှုအထိ တိုးလာခဲ့ရာမှ ဆိုင်ရှင်မြန်မာ အမျိုးသမီးစားဖိုမှုးတစ်ဦး သေဆုံးပြီး သူမ၏ ခင်ပွန်းအပါအဝင် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် နိုဝင်ဘာ ၁၆ ရက် ည ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အသက် ၄၀ အရွယ်ရှိ စားဖိုမှူးအမျိုးသမီးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ကျန်းမာရေးဝန်ထမ်းများက အတည်ပြုခဲ့သည်။

၎င်း၏ခင်ပွန်းဖြစ်သူ အသက် ၄၀ ကျော်အရွယ် မြန်မာနိုင်ငံသားတစ်ဦးသည်လည်း ခန္ဓာကိုယ်ဒဏ်ရာများ ရရှိခဲ့ပြီး၊ သေဆုံးဒဏ်ရာရသူဇနီးမောင်နှံ၏ သူငယ်ချင်းဟု ယူဆရသော အခြားအမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
ကနဦးသတင်းများအရ ကျူးလွန်သည့်သံသယတရားခံဟုဆိုသူသည် နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် အဖော်များစွာနှင့်အတူ ရောက်ရှိလာပြီး ယင်းတို့သည် အရက်မူးနေခဲ့သည်ဟု ဆိုသည်။ ထို့နောက် စားသောက်ဆိုင်က ပြင်ဆင်ပေးသော အစားအသောက်များကို မကျေနပ်ကြသော ထိုအဖွဲ့သည် သေဆုံးသူနှင့် ၎င်း၏ခင်ပွန်းတို့နှင့် စကားများပြီး ပြင်းထန်သော အငြင်းပွားမှုဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ထိုအမျိုးသမီးက ၎င်းတို့အား ဆိုင်မှ ထွက်သွားရန် နှင်ထုတ်ခဲ့သည်။

သို့သော်လည်း အသက် ၃၀ ဝန်းကျင်ရှိသည်ဟု ဆိုသော ထိုအဖွဲ့မှ အမျိုးသားတစ်ဦးသည် ၎င်း၏အစ်ကိုကို တယ်လီဖုန်းဆက်ခေါ်ဆိုပြီးနောက် ဓားကိုင်ဆောင်၍ စားသောက်ဆိုင်သို့ ပြန်လာခဲ့သည်။ ထို့နောက် ၎င်းကပင် စားဖိုမှူးအမျိုးသမီးကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း စွပ်စွဲထားသည်။
ရဲတပ်ဖွဲ့၏ လျင်မြန်သော လုပ်ဆောင်မှုကြောင့် အခင်းဖြစ်ပွားပြီး မကြာမီတွင် အသက် ၃၀ ကျော်အရွယ် သံသယရှိသူနှင့် ၎င်း၏အစ်ကို နှစ်ဦးစလုံးကို ရာဇဝတ်မှုဖြစ်ပွားရာအနီး၌ ဖမ်းဆီးနိုင်ခဲ့သည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန် ဆီဘီရန်ဂျာယာ ဆေးရုံသို့ ပို့ဆောင်ထားပြီး၊ ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးကိုလည်း အဆိုပါဆေးရုံတွင်ပင် ကုသမှုပေးနေသည်။
ပီနန်ရဲချုပ် ဒါတွခ် အဇီဇီး အစ္စမေးလ်က “သံသယရှိသူဟာ အရက်မူးနေတယ်လို့ ယူဆရပါတယ်။ ဒီအမှုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ စုံစမ်းစစ်ဆေးနေပါတယ်” ဟု ပြောကြားကာ ဖြစ်စဉ်ကို အတည်ပြုခဲ့သည်။
တနင်္လာနေ့ (နိုဝင်ဘာ ၁၇ ရက်) မွန်းလွဲပိုင်းတွင် ခရိုင်တရားရုံး၌ နောက်ထပ်စုံစမ်းစစ်ဆေးမှုများ အဆင်ပြေစေရန်အတွက် သံသယရှိသူ အသက် ၃၄ နှစ်၊ ၎င်း၏အစ်ကို အသက် ၄၀ နှစ်နှင့် အသက် ၅၀ အရွယ်ရှိ အခြားအမျိုးသားတစ်ဦးတို့ ပါဝင်သော လူသုံးဦးအပေါ် ခုနစ်ရက်ကြာ ချုပ်ရမန်အမိန့် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းတွင် အဆိုပါဖြစ်စဥ်မှာ သင်္ဘောသီးထောင်းအရသာကို မနှစ်သက်ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသည့် မြန်မာအမျိုးသမီးစားဖိုမှူးမှာ ကိုယ်ဝန်ဆောင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားအချင်းချင်း ဘာမဟုတ်သည့် သင်္ဘောသီးထောင်းအရသာအဆင်မပြေမှုမှ အသက်နှစ်ချောင်းဆုံးပါးသည့်အပြင် နှစ်ဦးဒဏ်ရာရပြီး သုံးဦးဖမ်းဆီးခံရသည်မှာ မဖြစ်သင့်ကြောင်းနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားအချင်းဖေးမစေလိုကြောင်း ရေးသားမျှဝေနေသည်ကိုလည်း တွေ့ရသည်။ သို့သော် မလေးရှားနိုင်ငံမှ တရားဝင်သတင်းမီဒီယာများကမူ ဖြစ်စဥ်အသေးစိတ်နှင့် အမည်များ ထုတ်ပြန်ဖော်ပြရေးသားလာကြခြင်းကား မရှိသေးဘဲ Guang Ming Daily ပို့စ်အောက်တွင် မှတ်ချက်ပြုနေသည်ကိုသာ တွေ့ရှိရသည်။
Ref: Newswave & The Star & Guang Ming Daily
