နေမိုး
၁၇. ၁၁. ၂၀၂၅
ကိုယ်တိုင်က PDF ထောက်ပို့ဖြစ်ပေမဲ့ တော်လှန်ရေးအလှူငွေတွေကို ခိုးဝှက် ဇိမ်ခံနေတဲ့၊ လုပ်ငန်းတွေထူထောင်နေတဲ့သူတွေကို ရှုတ်ချဝေဖန်နေတာကြောင့် ဒီလိုမျိုး ဝေဖန်ခံနေရသူတွေကနေ သူတို့လက်ဝေခံ PDF တွေကို လုပ်ကြံသတ်ဖြတ်ပစ်ဖို့ ခိုင်းစေခံနေရတဲ့ မြတ်အောင် (ခ) ဇီးရိုးရဲ့ ဦးလေးတော်စပ်သူ အဘိုးအိုကို NUG ရဲ့ သရက်ခရိုင် တပ်ရင်း (၄) က PDF တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ မြတ်အောင် (ခ) ဇီးရိုးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဖြစ်စဥ်က အခု နိုဝင်ဘာ ၁၅ ရက် ညနေ ၅ နာရီခန့်မှာ PDF ထောက်ပို့မြတ်အောင်ရဲ့ဦးလေးဖြစ်ပြီး မကွေးတိုင်း၊ ကံမမြို့နယ်၊ ကျောက်စောင်းရွာက အသက် ၇၁ နှစ်အရွယ် ဦးကိုငယ်ကို PDF ၆ ဦးက စစ်ဆေးစရာရှိတယ်လို့ အမည်တပ်ကာ မိသားစုဆီက ဖုန်း ၄ လုံးပါ သိမ်းကာ ဦးကိုငယ်ကို လက်ပြန်ကြိုးတုပ် ခေါ်သွားပြီး ရွာလယ်လမ်းပေါ် မျက်နှာကို သေနတ်နဲ့တေ့ပြီး ပစ်သတ်လိုက်တာပါ။




“၁၅ ရက် ၁၁ လ ၂၀၂၅ ညနေ ၅ နာရီ PDF ၆ ယောက် ဆိုင်ကယ် ၃ စီး အိမ်ရှေ့လာတယ်။ မိသားစုတွေဆီက ဖုန်း ၄ လုံးသိမ်းတယ်။လက်ပြန်ကြိုးတုပ်ပြီးစစ်ဆေးစရာရှိလို့ဆိုပြီး ခေါ်တယ်။ ရွာရဲ့လမ်းမပေါ်မှာ မျက်နှာကိုချိန်ပြီး ပစ်သတ်တယ်။ အသက် ၇၁ နှစ်အရွယ်ကို လုပ်ရက်ကြတယ်။ မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျောက်စောင်းရွာ၊ သရက်ခရိုင် တပ်ရင်း ၄ အပိုင်နယ်မြေ။ ကျကျန်ခဲ့တဲ့ မျက်မှန်ဘေးမှာ မျက်နှာပွင့်ထွက်ဒဏ်ရာနဲ့ ကွယ်လွန်သွားတဲ့ ဦးကိုငယ်ရေ။ သားဒီကနေပဲ ကန်တော့လိုက်ပါတယ် …” မြတ်အောင်က ရေးသားထားပါတယ်။




ဒါ့အပြင် မြတ်အောင်က အဲဒီဒေသမှာ လုယက်သတ်ဖြတ်မှု ကျူးလွန်ကျက်စားနေတဲ့ NUG ဩဇာခံ သရက်ခရိုင်တပ်ရင်း (၄) ကို ဦးကိုငယ် အသတ်ခံရမှုအကြောင်း ဆက်သွယ်မေးမြန်းရာမှာ တုံ့ပြန်မှုမရှိကြောင်း ထပ်မံဖော်ပြထားသလို ဦးကိုငယ်ကို သတ်တာ ငွေဘယ်လောက်ရလိုက်လို့ ငြိမ်နေတာလဲလို့လည်း မြတ်အောင်က “မြတ်အောင်ကိစ္စ မေ့ထားရဲရင် မသိချင်ယောင်ဆောင်ပြီး စာမပြန်ရင် ကြည့်လိုက်။ နိုင်ငံရေးသမားပေါပါတယ်ဆိုတဲ့ မဲဆောက်မှာ NUG ရဲ့ MOD သရက်ခရိုင် တပ်ရင်း ၄ ကို ဆန္ဒပြကြောင်း လမ်းတိုင်းမှ Translate အမျိုးမျိုးနဲ့ ဒီသတ်ဖြတ်မှု ကိစ္စကို နံရံလောက်ရှိတဲ့ ဗီနိုင်းတွေကပ်မယ်။ ထိုင်းသတင်းဌာနတွေမှာပါ ပါလာစေရမယ် ..။ မင်းတို့သရက်ခရိုင် တပ်ရင်း ၄ ရဲ့ ပြည်သူအပေါ် အနိုင်ကျင့် ချစားမှုတွေကို နေ့ရက်တိုင်းမထပ်အောင် တင်ပေးနေမယ် အကြမ်းဖက်အဖွဲ့အစည်းဆိုတာကို မင်းတို့ PDF ဘတ်တံဆိပ်ဖော်ပြပြီး ကြေညာနေမယ် …အခုထိ မင်းတို့အကြောင်းမပြန်ဘူးနော် ငါ့ဦးလေးကို သတ်တာ ငွေဘယ်လောက်ရလိုက်လို့ ဒီလောက်ထိ ငြိမ်နေရဲတာလဲ” လို့လည်း မေးခွန်းထုတ်ထားပါတယ်။ ဒါ့အပြင် “အပြစ်မဲ့တဲ့သူဆိုတော့ ခေါင်းစဥ်ရှာမရတော့ လိပ်ပြာမလုံ၊ လိပ်ပြာမလုံတော့ အခုထိ စာမထုတ်ရဲ။ မင်းတို့သတ်တယ်ဆိုတာ သိပါတယ်” လို့လည်း ရေးသားထားပ့သေးတယ်။
သတ်ဖြတ်လုယက်မှုတွေ ဆက်တိုက်ကျုးလွန်နေတာကြောင့် နာမည်ပျက်နေတဲ့ သရက်ခရိုင် တပ်ရင်း (၄) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ကလည်း မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ရွှေဘုံသာရပ်ကွက်နေ ဦးခင်မောင်မြင့်(၅၈)နှစ်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နေ ဦးကျော်လွင်(၄၅) နှစ်နဲ့အတူ ရွှေဘုံသာရပ်ကွက်ကနေ ရန်ကုန်မြို့ဆီ သရက်-ကံမကားလမ်းအတိုင်း မော်တော်ယာဉ် တစ်စီးနဲ့ မောင်းနှင်ထွက်ခွာလာချိန် ပါးပွတ်ကျေးရွာအနီးအရောက် သရက်ခရိုင် တပ်ရင်း (၄) PDF တွေက မော်တော်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး သေနတ်နဲ့ဝိုင်းဝန်းပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့လို့ ဦးခင်မောင်မြင့်နဲ့ ဦးကျော်လွင်တို့ မီးလောင်ဒဏ်ရာများစွာ ရရှိကာ သေဆုံးသွားခဲ့သလို မော်တော်ယာဉ်လည်း မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အပေါ် NUG ရဲ့ သရက်ခရိုင် တပ်ရင်း (၄) က သရက်ခရိုင်၊ ကံမမြို့နယ်၊ ရေနံသာရဲစခန်းကို နိုဝင်ဘာ ၆ ရက်က ဒုတိယအကြိမ်သိမ်းပိုက်ရာမှာ စစ်တပ်လက်အောက်ခံ ၇ ဦးသေဆုံးတယ်လို့ လိမ်လည်ထုတ်ပြန်ခဲ့ပေမဲ့ ဦးခင်မောင်မြင့်ရဲ့ သမီးဖြစ်သူ သုံးစွဲတဲ့ Shwe Moepyae အကောင့်က သရက် PDF လိမ်လည်ထုတ်ပြန်တဲ့သတင်းကိုဖော်ပြလာတဲ့ ဒို့ပြေ- Doh Pyay သတင်းဌာနတင်ဆက်တဲ့ သတင်းကို မျှဝေပြီး သူမဖခင်က သာမန်အရပ်သားဖြစ်ကြောင်း၊ မိုင်းဆွဲပြီး ကားမှောက်သွားချိန် အသက်မသေဘဲ ကားအောက်က ထွက်လာတဲ့ သူမဖခင်နဲ့ မိတ်ဆွေကို သရက်ခရိုင် တပ်ရင်း (၄) ရဲ့ PDF တွေက ပစ်သတ်ပြီး ပါသမျှငွေအကုန်လုယက်ကာ ကားကိုမီးရှို့သွားလို့ ရုပ်ပျက်ဆင်းပျက် အလောင်းပင်ရှုရက်စရာမရှိအောင် သေဆုံးသွားကြောင်း မျှဝေခဲ့မှ သရက်ခရိုင် တပ်ရင်း (၄) ရဲ့သတ်ဖြတ်လုယက်မှု ဗူးပေါ်သလို ပေါ်ခဲ့ပေမဲ့ NUG ကတော့ စစ်ဆေးအရေးယူ ထိန်းကျောင်းမှု မရှိခဲ့ပါဘူး။

