နေမိုး
၁၀. ၁၁. ၂၀၂၅
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် သာသနာပြုနေသော ဆရာတော် ဒေါက်တာဝိသုတကို NUG ၏ ဩဇာခံ PDF အဖွဲ့ဖြစ်သော ရွှေဘိုပကဖကအဖွဲ့က လူဝတ်လဲကာ ပြန်ပေးဆွဲ ဖမ်းဆီးလိုက်သလို ဖမ်းဆီးခံရပြီး နှစ်ပတ်ခန့်အကြာအထိ ပြန်မလွှတ်သေးသဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် IBEC (International Buddhist Education Centre) ဆရာတော်က တောင်းဆိုလိုက်သည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့က ရွှေဘိုမြို့နယ်၊ မြင်းစီးရွာဇာတိဖြစ်သလို အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် ဝင်းဝင်းနို့ဆီမြန်မာကျောင်းနှင့် ရွှေဘိုမြို့တွင် မဟာဝိသုတာရာမ ဗုဒ္ဓဂယာကျောင်းတိုက် တည်ထောင်သာသနာပြုနေသူ ဆရာတော် ဒေါက်တာဝိသုတသည် အိန္ဒိယနိုင်ငံသို့ ပြန်ကြွရန် ရန်ကုန်မြို့သို့ ကားဖြင့် ပြန်လည် ထွက်ခွာလာစဥ် ရွှေဘိုမြို့ အနောက်ဘက်အထွက် ကင်းဗျားရွာအနီးအရောက် ဆရာတော်အား ရွှေဘိုအခြေစိုက် PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

MT News ၏ စုံစမ်းမှုအရ NUG ၏ PDF အဖွဲ့ဖြစ်သော ရွှေဘိုပကဖများက ဒေါက်တာဝိသုတနှင့် ဒုလ္လဘကိုရင်ကြီးတစ်ပါးကို လူဝတ်လဲ ဖမ်းဆီးသည့်အပြင် ရွှေဘိုဒေသခံ အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း၊ ဒေါက်တာဝိသုတမှာ ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့က ရွှေဘိုမြို့ပေါ်ရှိ သူငယ်ချင်းဆရာတော်တစ်ပါး၏ ဘုရားထီးတင်သို့ အိန္ဒိယနိုင်ငံမှတစ်ဆင့် လာရောက်ခြင်းဖြစ်ပြီး သာသနာပြုဌာနေသို့ပြန်ရေး ရန်ကုန်သို့ပြန်အကြွတွင် ရွှေဘိုပကဖများက ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း၊ ဆရာတော်သည် မြင်းစီးရွာနှင့် ရွှေဘိုဒေသတစ်ဝိုက်မှ ကလေးငယ်များအား ကိုယ်ထူကိုယ်ထပညာသင်ကြားပေးနေသည့်အတွက် ရွှေဘိုပကဖက ပျူစောထီးဘုန်းကြီးဟုသမုတ်ကာ ဖမ်းဝရမ်းထုတ်ထားကြောင်း၊ ထိုအချိန် ဆရာတော်က ရွှေဘိုသို့ပြန်လာသည်ကို သိရှိသွားသဖြင့် အပြန်ခရီးတွင် ပိတ်ဆို့ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ လမ်းပိုင်း ပိတ်ဆို့ဖမ်းဆီးမှုများအတွင်း ဒေါက်တာဝိသုတကို ပြန်လွှတ်ပေးစေလိုပါက ကားသုံးစီးနှင့် ငွေသားသိန်းရာချီတောင်းခံသဖြင့် ကားသုံးစီးနှင့် ကျပ်သိန်း ၃၀ ကို ရွှေဘိုပကဖထံ ပြန်ရွေးငွေအဖြစ် ပေးလိုက်ရသော်လည်း ယနေ့အချိန််ထိ ပြန်မလွှတ်ပေးကြောင်း MT News က စုံစမ်းသိရသည်။

“ဆရာတော်က PDF တွေနဲ့မတည့်တဲ့ ပျူစောထီးရွာလို့ ခေါ်တဲ့ မြင်းစီးရွာဇာတိဖြစ်နေတာကြောင့် PDF တွေက ဖမ်းဆီးပြန်ပေးဆွဲလိုက်တာ။ ဆရာတော့်ကို ဖမ်းပြီးမှ PDF တွေ ပြန်ပေးဆွဲ၊ ငွေတောင်း လုပ်နေကြပုံစံအတိုင်းပဲ ရွှေဘိုပကဖက ကားသုံးစီးနဲ့ သိန်း ၃၀ ထပ်တောင်းတာ။ သူတို့တောင်းတာလည်း ပေးလိုက်ရတာကို ပြန်မလွှတ်ပေးတော့ သာသနာပြုဆရာတော်တစ်ပါးကို အရင်သံဃာတွေတုန်းကလို သတ်ဖြတ် အလောင်းဖျောက်လိုက်မှာ စိုးရိမ်နေကြတာပေါ့”ဟု ဖြစ်စဥ်ကို သိရှိသူတစ်ဦးက MT News ကို ပြောသည်။

ဒေါက်တာဝိသုတနှင့် ဖမ်းဆီးခံရသည့် ပုဂ္ဂိုလ်များအား ဘေးမသီရန်မခဘဲ အမြန်ဆုံးပြန်လွှတ်ပေးရန် စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ၏ အထူးမေတ္တာရပ်ခံစာတွင်မူ “၁။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသော အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိဝင်းဝင်းနို့ဆီမြန်မာကျောင်းဆရာတော် ဒေါက်တာဝိသုတ နှင့်အတူ ကိုရင်ကြီးတစ်ပါး၊ ဒကာမတစ်ဦး အစရှိသည့်ပုဂ္ဂိုလ်များအား ရွှေဘိုမြို့အထွက် ကင်းဗျားကျေးရွာ အနီးတွင် ပကဖ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ၂။ ဆရာတော် ဒေါက်တာဝိသုတသည် ရွှေဘိုမြို့ဇာတိဖြစ်ပြီး ဗုဒ္ဓဂါယာတွင် အိန္ဒိယနိုင်ငံသို့ ပညာသင်ကြားရန်လာရောက်ကြသော ရဟန်းသံဃာများ၊ ဘုရားဖူးလာရောက်ကြသော ပုဂ္ဂိုလ်များ တည်းခိုကြသည့် ဝင်းဝင်းနို့ဆီမြန်မာကျောင်းအား တည်ထောင်ထားပြီး ဘာသာသာသနာကို အထူးလေးစားကာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး၊ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးကို တစိုက်မတ်မတ်ကြိုးပမ်းအားထုတ်လျက်ရှိသော ဆရာတော်ဖြစ်ပေသည်။၃။ နိုင်ငံရေးကိစ္စအကြောင်းအရာ၊ နိုင်ငံရေးအရောင်အဝါကင်းရှင်းသော ဆရာတော်ဖြစ်သည့် ဝင်းဝင်းနို့ဆီမြန်မာကျောင်းဆရာတော် ဒေါက်တာဝိသုတနှင့်အတူ ကိုရင်ကြီးတစ်ပါး၊ ဒကာမတစ်ဦး အစရှိသည့် ပုဂ္ဂိုလ်များအား ဖမ်းဆီးသွားသော မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ ဆရာတော်အပါအဝင် ဖမ်းဆီးခံရသည့် ပုဂ္ဂိုလ်များအား ဘေးမသီရန်မခဘဲ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် နောင်တွင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါစေ ဗုဒ္ဓဘာသာသာသနာတော်၏ အကျိုးကိုသာ ရှေးရှုဆောင်ရွက်နေကြသော ဆရာတော်သံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများအား ထပ်မံမပြုလုပ်ကြပါရန် စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်က အထူးမေတ္တာရပ်ခံအပ်ပါသည်။” ဟု တောင်းဆိုထားသည်။

ထို့အပြင် ဒေါက်တာဝိသုတမှာ အိန္ဒိယစာသင်သားသံဃာများကို ကူညီပေးနေသလို ကလေးငယ်များကိုလည်း စာပေသင်ကြားပေးနေကြောင်း၊ ပျူစောထီးဘုန်းကြီးမဟုတ်သလို ဆရာတော်၏ ရွှေဘိုရှိကျောင်းခွဲကိုလည်း နှစ်ကြိမ်စစ်ဆေးခံရဖူးကြောင်း၊ ထိုသို့ အစွန်းနှစ်ဖက်မှ ကင်းလွတ်သည့်ဆရာတော်ကို ရွှေဘိုပကဖက ခြေလွန်လက်လွန် မသတ်ဖြတ်ခင် NUG နှင့် တာဝန်ရှိသူများက တားမြစ်ပေးရန်လိုကြောင်း ဆရာတော်သံဃာတော်များကတောင်းဆိုနေသလို ဗုဒ္ဓဂုဏ်ရည်ဆရာတော်၊ တောင်ပုလဆရာတော်၊ ဦးသုနန္ဒ စသည့် နာမည်ကျော် သံဃာတော်များစွာကလည်း ဒေါက်တာဝိသုတကို ရွှေဘို PDF ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော် သတ်ဖြတ်ခံထားရသလို သံဃာ အပါး ၁၀၀ ဝန်းကျင်မှာလည်း ဖမ်းဆီး ပြန်ပေးဆွဲခံထားရပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြသည်ဟု သိရသည်။ Photo – Credit
