၇. ၁၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံသည် ဒီမိုကရေစီ၏ အဆင့်အတန်းတစ်ရပ်ကို ရောက်နေပြီး ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန်ရှိသည့်အတွက် နိုင်ငံတော်ကို ပိုမိုခိုင်မာအောင် တည်ဆောက်လိုသူအားလုံးနှင့် လက်တွဲသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားသည်။
ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးသည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ ဝါးပိုးရေကျေးရွာ၊ အင်းသာကျေးရွာ ဒေသခံများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ မဲပေးမှုစနစ်များကိုလည်း သိရှိနားလည်အောင် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။



ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနေဖြင့် ပြီးခဲ့သည့် ၂၀၁၀ မှ ၂၀၁၅ အထိ တာဝန်ယူစဉ်ကာလတွင် လူတိုင်းဖုန်းကိုင်နိုင်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့သလို မြန်မာနိုင်ငံကို ဒီမိုကရေစီအဆင့်အတန်းတစ်ရပ်အထိ ရောက်ရှိစေခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအဆင့်အတန်းတစ်ခုသို့ ရောက်ရှိခဲ့ပြီးဖြစ်သည့်အခြေအနေကို ပိုမိုခိုင်မာအောင် ရည်ရွယ်ချက်ဖြင့် “ပိုမိုခိုင်မာ ပြည်မြန်မာ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပိုမိုခိုင်မာအောင် ဆောင်ရွက်လိုသူအားလုံးနှင့်လည်း လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“၂၀၁၀ နဲ့ ၂၀၁၅ ကြားမှာ ကျွန်တော်တို့ပါတီက အောင်မြင်မှုတွေ အများကြီးပဲရခဲ့တယ်။ ကျွန်တော်တို့ ခုနကပြောခဲ့တဲ့ သာဓကတစ်ခုက ဘာလဲ။ လူတိုင်းဖုန်းကိုင်နိုင်တယ်။ ကျန်တဲ့လုပ်ငန်းတွေအများကြီးပဲ။ ကျွန်တော်ရှင်းပြီးပြီ သုံးချက်၊ လေးချက်လောက်ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီရဲ့အဆင့်အတန်းတစ်ရပ်ကို ရောက်နေပြီ။ အဆင့်တန်းတစ်ခုကို ရောက်နေပြီ။ ဟုတ်ပြီနော်။ ကျွန်တော်တို့ ပိုကောင်းအောင် ကျွန်တော်တို့ ပိုကြိုးစားကြဖို့ရှိတာ။ ကျွန်တော်တို့ စနစ်ကြီး ကျွန်တော်တို့နိုင်ငံကြီးကို ပိုပြီးတော့ ခိုင်မာအောင်လုပ်ဖို့ရှိတာ။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်သည် “ပိုမိုခိုင်မာပြည်မြန်မာ” “Stronger Myanmar” ဆိုပြီးတော့ အင်္ဂလိပ်လိုတော့ ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ သတင်း Message လေးဖြစ်ပါတယ်။ ခေါင်းထဲမှာ ဒါလေးကို စွဲထားပြီးတော့ နိုင်ငံတော်ကြီးကို အားလုံးပိုမိုခိုင်မာအောင် ကျွန်တော်တို့နဲ့ လက်တွဲတည်ဆောက်ချင်တဲ့ ဆန္ဒလေးတွေရှိကြတယ်ဆိုလို့ရှိရင် အားလုံးလက်တွဲပြီးတော့ အတူတူတည်ဆောက်ကြဖို့ ဆန္ဒရှိပါတယ်ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်” ဟု ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးက ပြောကြားသည်။


