၇.၁၁.၂၀၂၅
Translated by Htwe Ko Tun
မြောက်ကိုရီးယားနိုင်ငံက နိုဝင်ဘာလ ၇ ရက် မွန်းလွဲပိုင်းမှာ အရှေ့ပင်လယ် (ဂျပန်ပင်လယ်) အတွင်းကို အမည်မသိ တိုက်ချင်းပစ်ဒုံးပျံ အနည်းဆုံး တစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ (JCS) အဖွဲ့က ပြောကြားခဲ့ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာလ ၇ ရက် ကိုရီးယားစံတော်ချိန် နေ့လည် ၁၂ နာရီ ၃၇ မိနစ်မှာ ကမ်းရိုးတန်းစောင့်တပ်မှတစ်ဆင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာမှာ ပစ်လွှတ်မှုတစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
အမေရိကန် လေယာဉ်တင်သင်္ဘော လာရောက်လည်ပတ်ပြီး ရက်အနည်းငယ်အကြာမှာပဲ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ နိုဝင်ဘာလ ၇ ရက် မွန်းတည့်ပြီးချိန်မှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို တွေ့ရှိခဲ့တာဖြစ်ပြီး အောက်တိုဘာလကစလို့ မြောက်ကိုရီးယားရဲ့ ဒုတိယမြောက် တိုက်ချင်းပစ်ဒုံးပျံ ပစ်လွှတ်စမ်းသပ်မှုဖြစ်တယ်လို့လည်း JCS က ပြောခဲ့ပါတယ်။
ဒုံးကျည်က နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှာ ပင်လယ်ထဲကို ကျရောက်ခဲ့ပြီး တာဝေးပစ်ဒုံးကျည်မဟုတ်ဘူးဆိုတာ ညွှန်ပြနေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ခဲ့ပါတယ်။
ဒီပစ်လွှတ်မှုကို မြောက်ကိုရီးယားဘက်ကအတည်ပြုခဲ့ရင် အောက်တိုဘာ ၂၂ ရက်မှာ အသံထက်ငါးဆမြန် “hypersonic” ဒုံးကျည်တွေ စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရ ကြေညာပြီးနောက် ဒုတိယအကြိမ်မြောက် တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှု ဖြစ်ပါလိမ့်မယ်။
JCS အနေနဲ့ ဒုံးကျည်အမျိုးအစား၊ ပျံသန်းတဲ့အကွာအဝေးနဲ့ ပစ်လွှတ်တဲ့နေရာတို့လို အသေးစိတ်အချက်အလက်တွေကို လာမယ့် နာရီပိုင်းအတွင်း ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။
အောက်တိုဘာလ စစ်ရေးပြပွဲမှာ မြောက်ကိုရီးယားက လက်နက်အသစ်များစွာကို ထုတ်ဖော်ပြခဲ့ပြီးတဲ့နောက် တာတို ဒါမှမဟုတ် တာလတ်ပစ်ဒုံးကျည်တွေလို့ ယူဆရတဲ့ ဒုံးပျံစမ်းသပ်မှုတွေက သူ့ရဲ့ ပုံ မှန်လက်နက်ဖွံ့ဖြိုးတိုးတက်ရေး အားထုတ်မှုတစ်စိတ်တစ်ပိုင်းဖြစ်မှာပါ။
မြောက်ကိုရီးယားရဲ့ ခုလိုဒုံးပျံစမ်းသပ်မှုက အမေရိကန် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS George Washington တောင်ကိုရီးယား တောင်ပိုင်းဆိပ်ကမ်း ဘူဆန်သို့ ရောက်ရှိလာပြီး နှစ်ရက်အကြာမှာ ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။
Ref- NK News
