၃၁. ၁၀. ၂၀၂၅
Written by Nyein Kyaw
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တိုင်းနှင့်ပြည်နယ် ၆ ခုရှိ မြို့နယ် ၃၃ မြို့နယ်မှ တောင်သူ ၁၀၇ ဦးသို့ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ ကျပ် ၁၂ ဒသမ ၇၈၅ ဘီလျံ ထုတ်ချေးထားကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ၏ (၃၄) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားသည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိသည်။
စီမံကိန်းစတင်သည်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၈၇ မြို့နယ်မှ တောင်သူ ၅,၉၂၃ ဦးသို့ ချေးငွေကျပ် ၂၆၀,၂၃၃ ဒသမ ၀၉ သန်း ထုတ်ချေးပေးထားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် ၆ ခုရှိ မြို့နယ် ၃၃ မြို့နယ်မှ တောင်သူ ၁၀၇ ဦးသို့ ချေးငွေ ကျပ် ၁၂,၇၈၅ ဒသမ ၀၂ သန်း ထုတ်ချေးခဲ့ပါကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
ချေးငွေစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်သည့် ချေးငွေလျှောက်ထားသူ တောင်သူများကို စိုက်ပျိုး/ ရိတ်သိမ်းချိန်အမီ ချေးငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျ စိစစ်ထုတ်ချေးနိုင်စေရေး တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ပြောကြားသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် ပေးဆပ်ရန်သတ်မှတ်ကာလ အချိန်စေ့လွန်ပျက်ကွက်သည့် ချေးငွေကြွေးကျန်များ မဖြစ်ပေါ်စေရေးအတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်လည်း ဒုဝန်ကြီးက မှာကြားခဲ့သည်။
