၃၁.၁၀.၂၀၂၅
Translated by Htwe Ko Tun
လက်ရှိ ၂၀၂၅ ခုနှစ် အတွင်းတွင်ပင် ယူကရိန်းနိုင်ငံ၌ စစ်ရေးလုပ်ငန်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၀၀ မှ ၁၁၀ ဘီလျံအထိ ရောက်ရှိလာနိုင်သည်ဖြစ်ရာ ယူကရိန်းနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ၏ ထက်ဝက်နှင့် ညီမျှသည်အထိ စံချိန်တင်မည့်ပမာဏဖြစ်ကြောင်း The Economist သတင်းစာက ရေးသားခဲ့သည်။
The Economist သတင်းစာက ယူကရိန်း၏ ဥရောပမိတ်ဖက်များအနေဖြင့် ဆက်လက်၍ ငွေကြေးထောက်ပံ့ရန် နည်းလမ်းမရှာဖွေပါက ယူကရိန်းသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ငွေကြေးပြတ်လပ်သွားနိုင်ကြောင်း ဖော်ပြခဲ့သည်။
“ယူကရိန်းသည် ကြီးမားသောငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ တစ်စုံတစ်ခု မပြောင်းလဲပါကဖေဖော်ဝါရီလကုန်တွင် ငွေကြေးပြတ်လပ်သွားမည်ဖြစ်သည်။ ယူကရိန်းအနေဖြင့် ဘေးဒုက္ခ အကျပ်အတည်း အခြေအနေအတွင်းကျရောက်ရန် တဲတဲအခြေအနေက အလျင်အမြန်နီးကပ်လာနေပြီ” ဟု သတင်းစာက ရေးသားခဲ့သည်။

The Economist သတင်းစာ၏ တွက်ချက်မှုများအရ ယူကရိန်းစစ်ပွဲစတင်သည်မှစ၍ ၂၀၂၅ ခုနှစ်ကုန်တွင် ယူကရိန်း၏ စစ်ရေးအသုံးစရိတ်မှာ ၎င်း၏ကာကွယ်ရေးဘတ်ဂျက်တွင် ဖော်ပြသည့်အတိုင်းဆိုပါက အနောက်အုပ်စုမှလက်နက်ထောက်ပံ့မှုများနှင့် စစ်ရေးထောက်ပံ့ငွေများပါ ပေါင်းစပ်လိုက်ပါက အမေရိကန်ဒေါ်လာ ၃၆၀ ဘီလျံခန့် ရှိမည်ဖြစ်ကြောင်း၊ လက်ရှိနှစ်တွင်ပင် စစ်ရေးလုပ်ငန်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၀၀ မှ ၁၁၀ ဘီလျံအထိ ရောက်ရှိလာရာ ယူကရိန်းနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ထက်ဝက်နှင့် ညီမျှသည်အထိ စံချိန်တင်လာခဲ့ကြောင်း ဆောင်းပါးက ဖော်ပြခဲ့သည်။
ဆောင်းပါးက အလေးထားဖော်ပြခဲ့ရာတွင် ယူကရိန်းအစိုးရအတွက် ငွေကြေးအထောက်အပံ့ရရှိရာ အဓိကငွေကြေးရင်းမြစ်သုံးခုအနက်နှစ်ခုမှာ တဖြည်းဖြည်းလျော့နည်းကုန်ခမ်းလာနေပြီး ၎င်းတို့မှာ အမေရိကန်အစိုးရထံမှ ရန်ပုံငွေရရှိမှုနှင့် ပြည်တွင်းချေးငွေတို့ဖြစ်ကြောင်းဆိုခဲ့သည်။ The Economist က နောက်ဆုံးကျန်ရှိနေသောရင်းမြစ်မှာ ဥရောပဖြစ်သည်ဟု ကောက်ချက်ချခဲ့ပြီး ယူကရိန်းအား ငွေကြေးထောက်ပံ့ရန်အတွက် ရရှိနိုင်သောနည်းလမ်းတိုင်းကို အသုံးပြုရန် ကမ္ဘာ့ခေါင်းဆောင်များအား တောင်းဆိုခဲ့သည်။ ထို့ပြင် မဂ္ဂဇင်းက ထိုကဲ့သို့သော ဆောင်ရွက်မှုခြေလှမ်းများက ဥရောပအား ရုရှားနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင်နှင့် အမေရိကန်ပြည်ထောင်စုမှ စစ်ရေးနှင့်ဘဏ္ဍာရေး လွတ်လပ်မှုတိုးတက်ရရှိရန် အာဏာချိန်ခွင်လျှာကိုအပြောင်းအလဲဖြစ်စေမည့် သမိုင်းဝင်အခွင့်အလမ်းကိုဖြစ်စေမည်ဟုလည်း ဆိုခဲ့သည်။
အစောပိုင်းကမူ The Economist မဂ္ဂဇင်းက ယူကရိန်းအဖို့ ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များကို ထိန်းသိမ်းရန်နှင့် ၎င်း၏စီးပွားရေးကို ထောက်ပံ့ရန်အတွက် လာမည့်လေးနှစ် (၂၀၂၆-၂၀၂၉) အတွင်း ရန်ပုံငွေနှင့် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၃၈၉ ဘီလျံခန့် လိုအပ်မည်ဟု ခန့်မှန်းခဲ့သည်။
၎င်းက စစ်ပွဲစတင်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယူကရိန်းအစိုးရ ရရှိသော အမေရိကန်ဒေါ်လာ ၂၀၆ ဘီလျံထက် နှစ်ဆနီးပါးရှိသည်။ ထိုအထောက်အပံ့၌ အမေရိကန်ပြည်ထောင်စုက အမေရိကန် ဒေါ်လာ ၁၃၃ ဘီလျံခန့် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်အမေရိကန်အစိုးရ၏ ယူကရိန်းနိုင်ငံအား ငွေကြေးအကူအညီပေးမှုနှင့် ပတ်သက်၍ သံသယရှိဖွယ်ဖြစ်နေရသောကြောင့် The Economist သတင်းစာက ဤကုန်ကျစရိတ်များက ကျန်ရှိနေသော နေတိုးအုပ်စုအဖွဲ့ဝင်များအပေါ် အဓိက တာဝန်ကျရောက်လာမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဤကဏ္ဍအတွက် ၎င်းတို့၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ၏ သုည ဒသမ နှစ် ရာခိုင်နှုန်း မှ သုည ဒသမ လေး ရာခိုင်နှုန်းအထိ အသုံးစရိတ်တိုးမြှင့်ရန် လိုအပ်မည်ဖြစ်ကြောင်း ဆောင်းပါးကအလေးပေးပြောကြားခဲ့သည်။
Ref- The Economist
