၃၁. ၁၀. ၂၀၂၅
Written by Nay Moe
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ယခုလည်း ရှမ်းပြည်နယ်၊ ရွာငံမြိုနယ်၌ PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူးတစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ကျောက်ပိဇပ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အောက်တိုဘာ ၂၈ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် အဆိုပါကျေးရွာနေသူများဖြစ်သည့် ရာအိမ်မှူး ဦးတင့်ဝေ (၄၇) နှစ်နှင့် ဦးဇင်ကိုဝင်း (၃၃) နှစ်တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် PDF ၁၀ ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း စဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
