၃၁. ၁၀. ၂၀၂၅
Written by Thettant
ပြင်ဦးလွင်မှာ ဒီနေ့ မွန်းလွဲပိုင်းအချိန်က ဓာတ်တိုင်ပေါ် အမျိုးသားတစ်ဦး ဓာတ်လိုက်ပြီး မီးလောင်နေတာကို အသက်အန္တရာယ်မထိခိုက်ဘဲ ကယ်တင်နိုင်ခဲ့တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်
ဖြစ်စဥ်က ဒီနေ့ အောက်တိုဘာ ၃၁ ရက် နေ့လယ် ၁၂ နာရီ ၁၂ မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂) မှာ လူ(၁)ဦး ဓာတ်တိုင်ပေါ် ဓာတ်လိုက်ပြီး မီးလောင်နေကြောင်း သတင်းရရှိလို့ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တာပါ။ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ ဓာတ်လိုက်ခံရသူအမျိုးသားကို ကယ်တင်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) အနည်းငယ်သာ ရရှိခဲ့တယ်လို့ သိရပြီး ပြင်ဦးလွင်လူမှုကူညီရေးအသင်းယာဉ်နဲ့ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
“ဖြစ်တာက ပြင်ဦးလွင် ဧရာဝတီဘဏ်နားမှာပါ။ EPC ဝန်ထမ်းပါပဲ။ ဓာတ်လိုက်ပြီး အဝတ်အစားတွေ မီးလောင်တာ။ လူကတော့ မစိုးရိမ်ရ ဒဏ်ရာတွေပဲရပြီး ပြုတ်ကျတာလည်း မဖြစ်၊ တစ်ကိုယ်လုံးလည်း လောင်မသွားဘူးဆိုတော့ တော်တော်ကံကောင်းတယ်လို့ ပြောရမယ်” လို့ ဒေသခံတစ်ဦးက သူသိရသမျှ မျှဝေပါတယ်။



