၂၁.၁၀.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့လို့ နှစ်လအကြာ သမ္မတ ပရာဗိုဝို ဆူဘီယန်တို တာဝန်ထမ်းဆောင်မှုတစ်နှစ်ပြည့်တဲ့အောက်တိုဘာလ ၂၀ ရက်မှာပဲ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတစ်ရပ်က မြို့တော်ဂျာကာတာမှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကျွမ်းကျင်သူတစ်ယောက်ကတော့ ဒီဆန္ဒပြပွဲတွေက အစိုးရအနေနဲ့ ပွင့်လင်းမှုနဲ့ ပြည်သူလူထုပါဝင်ဆောင်ရွက်မှု မရှိလို့ဖြစ်ခဲ့ရတာလို့ အစိုးရအပေါ် အပြစ်ပြောခဲ့ပါတယ်။


အဝါရောင်နဲ့ အပြာရောင်အကျီတွေ ၀တ်ဆင်ထားတဲ့ ကျောင်းသား ၃၀၀ ခန့်က ပရာဗိုဝိုရဲ့ အစိုးရအဖွဲ့က အစည်းအဝေးလုပ်နေခိုက်မှာပဲ သမ္မတအိမ်တော်အနီးမှာ ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြ ကျောင်းသားအရေအတွက်ကတော့ ဩဂုတ်လက တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားခဲ့တဲ့ အစိုးရမူဝါဒတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ အကျိုးခံစားခွင့်တွေကို ဆန့်ကျင်တဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေမှာ ပါဝင်သူအရေအတွက်ထက် နည်းပါးသွားခဲ့ပါတယ်။
ဆန္ဒပြပွဲက အခမဲ့နေ့လည်စာကျွေးမွေးမှုအပါအဝင် အစိုးရရဲ့ မူဝါဒတွေကို ဝေဖန်ဆန့်ကျင်ခဲ့ကြတာဖြစ်ပြီး ‘အခမဲ့ကျွေးမွေးမှုအစီအစဉ်က အဆိပ်နဲ့သာညီမျှတယ်’ ဆိုတဲ့စာတန်းကို ဆန္ဒပြကျောင်းသားတွေက ကိုင်ဆောင်ထားကြတာ တွေ့ရပါတယ်။ သူတို့က သမ္မတ ပရာဗိုဝို စတင်ခဲ့တဲ့ သန်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အစာအခမဲ့ကျွေးမွေးမှု အစီအစဉ်ကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီအစီအစဉ်က အခုဆိုရင် အင်ဒိုနီးရှားနိုင်ငံမှာ ကျောင်းသူကျောင်းသား ထောင်နဲ့ချီလို့ အစာအဆိပ်သင့်မှုဖြစ်စေခဲ့ပြီ ဖြစ်ပါတယ်။
ဂျာရာဘာရာတက္ကသိုလ်မှ အသက် ၂၅ နှစ်ရှိ မော်လာနာစိုင်းက “ဒီအစီအစဉ်က စတင်ခဲ့တာကြာပြီ ဖြစ်ပေမယ့် ကိုင်တွယ်ဖြေရှင်းမှု မပြုနိုင်တဲ့ ပြဿနာတွေ အများကြီးရှိနေသေးတယ်” လို့ ပြောခဲ့ပါတယ်။ သူက ဒီအစီအစဉ် အပါအဝင် အစိုးရအဖွဲ့မူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့တာပါ။
ဩဂုတ်လက ဆန္ဒပြပွဲတွေမှာ ရဲကားတစ်စီးဝင်တိုက်လို့ ဖြန့်ချိရေးယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီးနောက် ဆန္ဒပြပွဲတွေမှာ သေဆုံးသူဦးရေမြင့်တက်လာမှုက ဆန္ဒပြပွဲတွေကိုပိုမိုကြီးထွားစေကာ ပရာဘိုဝိုအတွက် သူ့ရဲ့သောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ မနှစ်က ရွေးကောက်ပွဲအပြီး အကြီးမားဆုံးစိန်ခေါ်မှုလည်းဖြစ်ခဲ့တာပါ။
ပရာဗိုဝိုရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်မှု ပထမနှစ်အတွင်း သူ့ရဲ့ မူဝါဒတွေ အကောင်အထည်ဖော်ရာမှာ လူထုပါဝင်မှု နည်းပါးတာကြောင့် သမ္မတသက်တမ်းပထမနှစ်အနေနဲ့ ထင်သလိုမအောင်မြင်ဘဲ ရုပ်ပျက်ခဲ့ရတယ်လို့ အင်ဒိုနီးရှား အမျိုးသား သုတေသနနှင့် တီထွင်ဆန်းသစ်မှုအေဂျင်စီမှ နိုင်ငံရေး သုတေသီ ဝါဆစ်တို ရာဟာဂျို ဂျာတီက ပြောကြားခဲ့ပါတယ်။

“ယေဘုယျအနေနဲ့တော့ ပရာဗိုဝိုရဲ့အစိုးရက အထူးသဖြင့် ပွင့်လင်းမှုနဲ့ ပူးပေါင်းပါဝင်မှုမရှိတာတွေအတွက်ကြောင့် သမ္မတသက်တမ်းပထမနှစ်ဟာ ထိန်းမရတဲ့ ရှုပ်ထွေးမှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်” လို့ သူက အခမဲ့အစားအသောက်အစီအစဉ်ကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။
သမ္မတ ပရာဗိုဝိုက ပိုမိုကောင်းမွန်တဲ့ ပညာရေးနဲ့ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုတွေကို ဆောင်ရွက်သွားမယ်လို့ အစိုးရအဖွဲ့ကို အောက်တိုဘာလ ၂၀ ရက်က ကတိပြုနေစဉ် သူ့ရဲ့ ကျယ်ပြန့်တဲ့မိန့်ခွန်းမှာ အခမဲ့ အစားအသောက် အစီအစဉ်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေအတွက် အခမဲ့ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျောင်းတွေကို အခမဲ့ အစားအသောက်အစီအစဉ်တွေအတွက် ငွေကြေးထောက်ပံ့ဖို့ ပရာဗိုဝိုဟာ အစိုးရ အသုံးစရိတ်ကို ဖြတ်တောက်တာ ဒါမှမဟုတ် ပညာရေးကဲ့သို့သော အခြားနယ်ပယ်တွေအတွက် ငွေကြေးတွေကို လွှဲပြောင်းရယူမှုတွေ လုပ်ခဲ့ပါတယ်။
ပရာဗိုဝိုက ၂၀၂၉ ခုနှစ်အထိ သူ့ရဲ့ငါးနှစ်တာ သမ္မတသက်တမ်းအတွင်း စီးပွားရေးတိုးတက်မှုနှုန်းကို ရှစ်ရာခိုင်နှုန်းအထိ မြှင့်တင်သွားမယ်လို့ ကတိပြုထားတာပါ။
Ref- Reuters
