◾️ မြန်မာနိုင်ငံမှ ယာယီသမ္မတပါ တက်ရောက်မည်ဟု မလေးရှားသတင်းဌာန ဖော်ပြ
၂၁.၁၀.၂၀၂၅
Translated by Htwe Ko Tun
မလေးရှားနိုင်ငံက ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ ရက်အထိ ကွာလာလမ်ပူမြို့မှာ ကျင်းပသွားမည်ဖြစ်ရာ အစည်းအဝေးကို အာဆီယံခေါင်းဆောင်များနှင့်အတူ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ် အပါအဝင် ကမ္ဘာ့နိုင်ငံများမှခေါင်းဆောင်များလည်း တက်ရောက်ကြမည်ဟု သိရသည်။
မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆီရီ မိဟာမက် ဟာဆန်က အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးမှ ခေါင်းဆောင်များ တက်ရောက်ရန် အတည်ပြုထားကြောင်း ပြောခဲ့သည်။ အာဆီယံဆွေးနွေးဖက်နိုင်ငံများမှလည်း အားလုံးတက်ရောက်ရန်အတည်ပြုထားကြောင်း၊ သို့သော် ရုရှားသမ္မတ ဗလာဒီမာပူတင်ထံမှ အတည်ပြုချက်မရသေးကြောင်း ဟာဆန်က ဆက်လက်ပြောခဲ့သည်။
မလေးရှားနိုင်ငံထုတ် New Straits Times သတင်းစာကလည်း ဟာဆန်၏ ပြောကြားချက်ကို ကိုးကား၍ ၄၇ ကြိမ်မြောက် အာဆီယံထိုပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးတက် ရောက်မည်ဟုဖော်ပြခဲ့သည်။
အချို့သတင်းများအရ လာမည့်ထိပ်သီးဆွေးနွေးပွဲတွင် တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံသစ်အဖြစ် ရွေးရောက်တင်မြှောက်ကြမည်ဟုလည်း သိရသည်။
ထို့အတူ The Edge Malaysia သတင်းဌာနကလည်း အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတအပြင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါ ဆေးလ်ဗား အပါအဝင် ကမ္ဘာ့ခေါင်းဆောင်အများအပြားလည်း တက်ရောက်မည်ဟု မျှော်လင့်ရကြောင်း၊ ဒေသတွင်းမှ ခေါင်းဆောင်များဖြစ်သည့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၊ စင်္ကာပူဝန်ကြီးချုပ် လောရန့် ဝေါင်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ မြန်မာခေါင်းဆောင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ် မင် ချင်၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ၊ လာအိုဝန်ကြီးချုပ် ဆွန်နီဆေး စီဖန်ဒုံးနှင့် တီမော-လက်စ်တေနိုင်ငံမှ ဂျို့စ် အလက်ဇန္ဒား ဂူစမာအိုတို့လည်း တက်ရောက်ကြမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
Ref- New Straits Times & The Edge Malaysia
