သတိုး
၂၁. ၁၀. ၂၀၂၅
ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် မြန်မာနိုင်ငံမှ ကျားဖြန့်ဂိုဏ်းများထံ ကိုယ်တွင်းအင်္ဂါများ ထုတ်ယူရောင်းစား သတ်ဖြတ်ခံရသည်ဆိုသည့် ဘယ်လာရုစ်အဆိုတော်နှင့် မော်ဒယ်အမျိုးသမီး ဗီရာကရက်ဗ်ဆိုဗာ (Vera Kravtsova) ၏ နောက်ဆုံးပုံရိပ်ကို ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံတွင်ရှိစဉ် သူမအား ပြန်ပေးဆွဲခဲ့သည်ဆိုသော စွပ်စွဲချက်များကို ငြင်းဆိုလိုက်သည်။



ဘယ်လာရုစ်မော်ဒယ် ဗီရာကရက်ဗ်ဆိုဗာ ထိုင်းနိုင်ငံမှ မထွက်ခွာမီ နောက်ဆုံးရိုက်ကူးထားသည့် CCTV မှတ်တမ်းပုံကို လူဝင်မှုကြီးကြပ်ရေးဗျူရိုက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ထုတ်ပြန်ခြင်းမှာ မြန်မာနိုင်ငံတွင် သူမ အသတ်ခံရကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းမြေပေါ် ပြန်ပေးဆွဲခံခဲ့ရသည်ဟူသော စွပ်စွဲချက်များကြောင့် ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ် မော်ဒယ်နှင့် အဆိုတော်ဖြစ် သူဗီရာသည် ပြီးခဲ့သည့် စက်တင်ဘာလတွင် မော်ဒယ်အလုပ်အတွက် ထိုင်းနိုင်ငံသို့ ခရီးသွားခဲ့ကြောင်း သိရသည်။ ထို့နောက် သူမသည် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ရာ နိုင်ငံတကာ သတင်းများက သူမအား ကျားဖြန့်ဂိုဏ်းများထံ ပြန်ပေးဆွဲခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ အွန်လိုင်းလိမ်လည်မှုများတွင် အတင်းအကျပ် ခိုင်းစေခံရခြင်းနှင့် သူမ၏ ကိုယ်တွင်းအင်္ဂါများကို ထုတ်ယူခံရခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ရေးသားခဲ့သည်။ သူမ၏ အရိုးပြာများကို ပြန်လည်ရရှိရန်အတွက် ကျားဖြန့်လူသတ်သမားများက ဘတ်ငွေ ၁၈ သန်း တောင်းခံခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါအမှုသည် ပိုမိုဆိုးရွားလာခဲ့သည်။
သို့သော် ထိုင်းရဲတပ်ဖွဲ့က ဗီရာအား ထိုင်းနိုင်ငံတွင် ပြန်ပေးဆွဲခဲ့သည်ဆိုသော စွပ်စွဲချက်များသည် လုံးဝမမှန်ကန်ကြောင်း ပြောကြားခဲ့သည်။ ဒုတိယ ကော်မရှင်နာချုပ်နှင့် လူဝင်မှုကြီးကြပ်ရေးဗျူရို၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ချဲရ်င်ရွန်း ရင်ဖိဒီက စုံစမ်းစစ်ဆေးသူများသည် ဗီရာ၏ ခရီးသွားလာမှုများကို ခြေရာခံရန်အတွက် ဇီဝဆိုင်ရာ အချက်အလက် (Biometric database) များကို ပြန်လည်စစ်ဆေးခဲ့ကြောင်း ပြောကြားခဲ့သည်။
စစ်ဆေးချက်များအရ ဗီရာသည် စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၁၂ နာရီ ၄၁ မိနစ်တွင် သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ထိုင်းအဲဝေး လေကြောင်းလိုင်း TG301 ဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့သည်။ သူမသည် လေဆိပ်၏ ကိုယ်တိုင်ဝန်ဆောင်မှု ပတ်စ်ပို့ထိန်းချုပ်ရေးစနစ် (Self-service passport control system) မှတစ်ဆင့် ဖြတ်သန်းသွားခဲ့ပြီး CCTV တွင် ဖိအားပေးမှု သို့မဟုတ် မသမာမှု တစ်စုံတစ်ရာကို မတွေ့ရပေ။
“ရုပ်သံမှတ်တမ်းအရ သူမကို အတင်းအကျပ်ခေါ်ဆောင်ခြင်း သို့မဟုတ် အစောင့်အရှောက်ဖြင့် ခေါ်ဆောင်ခြင်း မရှိဘဲ သူမသည် ထိုင်းနိုင်ငံမှ သူမဘာသာ ထွက်ခွာသွားခဲ့သည်” ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
ရဲမှူးချုပ် ချဲရ်င်ရွန်းက ဗီရာ၏ ထိုင်းနိုင်ငံမှ ထွက်ခွာသွားသည့် နောက်ဆုံးရုပ်ပုံများနှင့် ဇီဝဆိုင်ရာအချက်အလက်များကို ထိုင်းနိုင်ငံရှိ ဘယ်လာရုစ် ကောင်စစ်ဝန်ရုံးသို့ ပေးပို့ထားပြီးဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။



“သူမ ထိုင်းနိုင်ငံမှာရှိစဉ် ပြန်ပေးဆွဲခံခဲ့ရတယ်ဆိုတဲ့ ကောလာဟလဟာ မမှန်ပါဘူး။ သူမ မြန်မာနိုင်ငံကို ကူးပြောင်းသွားပြီးတဲ့နောက် အဖြစ်အပျက်တွေဟာ ထိုင်းနိုင်ငံရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိတော့ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် လူကုန်ကူးမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သော စိုးရိမ်ပူပန်မှုများကိုလည်း ကိုင်တွယ်ဖြေရှင်းခဲ့ပြီး အထူးသဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ သားကောင်များအား သွေးဆောင်ခေါ်ဆောင်သွားသည့် ကိစ္စများဖြစ်သည်။ ရဲချုပ် ကစ်တီရတ် ဖန်ဖတ်နှင့် ၎င်း၏အဖွဲ့သည် ခရီးသွားများအား လိမ်လည်မှုများတွင် လှည့်ဖြားခံရခြင်းမှ ကာကွယ်ရန်အတွက် လေဆိပ်များနှင့် ကုန်းတွင်းနယ်စပ်များတွင် စစ်ဆေးမှုအစီအမံအသစ်များ မိတ်ဆက်ခဲ့ကြောင်း KhaoSod သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ အစီအမံများတွင် ဝင်ပေါက်များ၌ မေးမြန်းစစ်ဆေးခြင်း၊ TDAC စနစ်မှတစ်ဆင့် နေထိုင်ရာနေရာကို မဖြစ်မနေ သတင်းပို့ရခြင်းနှင့် တာ့ခ် (Tak) ကဲ့သို့သော အန္တရာယ်များသည့် နယ်စပ်ပြည်နယ်များတွင် စောင့်ကြည့်လေ့လာမှုကို တိုးမြှင့်ခြင်းတို့ ပါဝင်သည်။
ထို့အပြင် ယခုနှစ် အစောပိုင်းကတည်းက ဗီဇာကင်းလွတ်ခွင့် လိမ်လည်မှုများတွင် ပါဝင်သည်ဟု သို့မဟုတ် လူကုန်ကူးမှု အန္တရာယ်ရှိသည်ဟု သံသယဖြင့် လူပေါင်း ၃၄,၀၀၀ ကျော်ကို ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့် ငြင်းပယ်ခဲ့သည်။
“ထိုင်းနိုင်ငံဟာ လုံခြုံပါတယ်။ အစီရင်ခံထားသလို လူကုန်ကူးဖို့အတွက် နိုင်ငံခြားသားတွေကို စနစ်တကျ ပြန်ပေးဆွဲတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ဟာ ဒီစွပ်စွဲချက်တွေကို အလေးအနက်ထားပြီး ခရီးသွားတွေအားလုံးကို ကာကွယ်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ရဲမှူးချုပ် ချဲရ်င်ရွန်းက ဆက်လက်ပြောကြားခဲ့သည်။
Ref, The Thaiger
