၂၁.၁၀.၂၀၂၅
Written by Thiri
လူမှုကွန်ယက်ပေါ်မှာ စတိုးဆိုင်တစ်ဆိုင်က သူခိုးဖမ်းတဲ့ ဗွီဒီယိုတစ်ခု ပျံ့နှံ့နေပြီး ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကလည်း ခိုးတာကို ဖမ်းဆီးအပြစ်ပေးတဲ့ ဆိုင်ရှင်အစား ခိုးယူသူ အမျိုးသမီးကြီးနဲ့ လူမမယ် ကလေးငယ်ကို ကရုဏာပိုကာ ဝိုင်းဝန်းဝေဖန်နေကြတာကိုတွေ့ရပါတယ်။
အဆိုပါ ဖြစ်ရပ်က ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုက်သာယာမြို့နယ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်ပျက်ခဲ့တယ်လို့ သိရပါတယ်။ လူအသုံးအဆောင်ပစ္စည်း ရောင်းချတဲ့ စတိုးဆိုင်ကို အသက် ၅၀ ဝန်းကျင် အမျိုးသမီးကြီးက အသက် တစ်နှစ်ကျော်အရွယ် ကလေးငယ်ချီကာ ဝင်ရောက်ခိုးယူစဉ် ဆိုင်ရှင်က သိရှိဖမ်းမိပြီး ရိုက်နှက်၊ ဗွီဒီယို ရိုက်ကာ ဆိုင်ရှေ့ ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်ပြီး ကလေးရော အမျိုးသမီးပါ နေပူလှန်းထားတာကို MT News က ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်အရ မြင်တွေ့ရပါတယ်။
ဒီအထဲမှာ ဆိုင်ရှင်အမျိုးသမီးက သူခိုးဆိုသူ သက်ကြီးရွယ်အိုအမျိုးသမီးကို ခြေတစ်ဖက်နင်းထားပြီး လက်တစ်ဖက်က ဆံပင်လိမ်ဆွဲကာ လက်တစ်ဖက်က အကြိမ်ကြိမ် ပါးရိုက်နေတာ၊ တစ်နှစ်သားကလေးကို တွန်းထိုးဆွဲလုခိုင်းတာ၊ ကလေးကိုပါ နေပူထဲ ဓာတ်တိုင်ချည် ကြိုးတုပ်တာတွေကို အောင်ပွဲရ စစ်သူကြီးအသွင် သောင်းကျန်းနေတာကြောင့် သူခိုးဆိုသူထက် ဆိုင်ရှင်က ပိုမိုပြစ်မှုကျူးလွန်တဲ့အသွင်ဖြစ်နေလို့လည်း လူထုက ကရုဏာသက်နေကြတာပါ။
ဒါ့အပြင် သူခိုးပါလို့ ဝန်ခံသူအမျိုးသမီးကြီးက သူမကျူးလွန်မှုအတွက် ကလေးကို အထိမခံတာ၊ ကလေးနေမကောင်းလို့ ဆေးထိုးနေရတာမို့ လုပ်မိကြောင်းပြောတာ စတာတွေကလည်း ကျူးလွန်သူပေမဲ့ အသနားပိုနေကြတာပါ။
ဒါကြောင့် လူမှုကွန်ရက် အသုံးပြုသူတွေက ရုပ်သံဖိုင်ကို Share ကာ သူခိုးအားပေးတာမဟုတ်ပေမယ့် ဆိုင်ရှင်အနေနဲ့ အခုလို အပြစ်ပေးတဲ့လုပ်ရပ်ကတော့ နည်းမှန်လမ်းမှန်မဟုတ်ကြောင်း ဝေဖန်ကြပြီး လက်ရှိကြုံတွေ့နေရတဲ့ ခေတ်ကာလ ကုန်ဈေးနှုန်းတွေ၊ ရှားပါးလာတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအရ လက်လုပ်လက်စားလူတန်းစားမှာ ဒုက္ခအခက်အခဲများစွာ ကြုံတွေ့နေရကြောင်း စသဖြင့် ခိုးသူကို ပြန်သနားကာ စာနာဖေးမမှုတစ်ရပ်ကို ပြသခဲ့ကြတာပါ။
အဲဒီဗွီဒီယိုကို လူမှုကွန်ရက်မှာ မျှဝေသူတွေထဲက တစ်ဦးဖြစ်တဲ့ ရင်ခုန်သံရှင်ရေး၊ နာရေး ကူညီမှုအသင်း (အုတ်တွင်း) မှ ဆရာတော် ဦးတေဇသီရိက “ဦးဇင်းတစ်သီးတစ်သန့် အမြင်ကတော့ သူတို့ကို(ပစ္စည်းခိုးသူ အမျိုးသမီးကြီးနဲ့ ကလေးငယ်ကို) နေပူထဲ ထုတ်တဲ့အခါ ကလေးခေါင်းပေါ် ဦးထုပ်လေး တင်လိုက်တဲ့ စေတနာပေါ့။ ဆိုလိုတာကတော့ မတတ်သာလို့ဆိုတဲ့ အခြေအနေမျိုး ဦးဇင်းအနေနဲ့ ခံစားမိတယ်။ ဒီလိုပဲ ကလေးဗန်းပြ လုပ်ကိုင်စားနေစေဦးတော့ ဆိုင်ရှင်အမျိုးသမီးရဲ့ ဖြေရှင်းပုံ လွဲနေပြီ။ ကလေးသူငယ်အခွင့်အရေးဆိုတာ ရှိတယ်။ သူ့ဗွီဒီယိုထဲ ပြောထားတယ်လေ သူ နယ်ထိန်းခေါ်ထားတယ်ဆိုပြီး ဒါဆို ရဲက ရဲအလုပ် လုပ်မှာပေါ့။ သူစောင့်ရမှာပေါ့”လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်လို့ ရဲနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံ MT News က ဆက်သွယ်စုံစမ်းရာမှာ အခင်းဖြစ်ဆိုင်က အဝတ်အထည်နဲ့ စတိုးဆိုင်ဖြစ်ပြီး လှိုင်သာယာ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ ဆိုင်က ဒီကနေ့မှာတော့ ပိတ်ထားသလို သက်ဆိုင်ရာက ဆိုင်ရှင်အမျိုးသမီးကို ခေါ်ယူစစ်ဆေးနေပြီး ခိုးမှုကျူးလွန်တဲ့ မြေးအဘွားကတော့ အချုပ်ထဲ တစ်ည အိပ်လိုက်ရပေမဲ့ မနေ့က ဒီပါဝလီနေ့ကတည်းက သတိပေးခံဝန်နဲ့ ပြန်လွှတ်လိုက်ပြီလို့ ဆိုပါတယ်။
လူမှုကွန်ရက် အသုံးပြုသူတွေက ခိုးတဲ့သူဘက်ရပ်တည်ပြ၊ ကရုဏာသက်ပြကြတာဟာ ခိုးမှုကျူးလွန်တာကို အားပေးတာ မဟုတ်ကြောင်းလည်း ဆရာတော်ဦးတေဇသီရိက ထပ်မံမိန့်ပါတယ်။
“ခိုးမှုကို အားမပေးဘူး၊ ခိုးရခြင်းအကြောင်းအရင်းတော့ ရှိရမယ်လေ။ ဆိုင်ရှင်ဖြစ်သူရဲ့ ဒေါသနဲ့ ဖြစ်နေတဲ့ အချင်းအရာမှာ စာနာစိတ်ကလေးကို နည်းနည်းပဲ ထည့်ကြည့်ရင်တောင် ဖြေရှင်းနည်းက ပြောင်းပါတယ်။ အခုက ထစ်ခနဲရှိ ဆိုရှယ်မီဒီယာမှာ တင်မယ်။ လူတစ်ဖက်သားကို နှိပ်ကွပ်မယ်။ လူတွေ တရားပျက်လာကြတယ်။ လူ့အဖွဲ့အစည်းတစ်ရပ် ကောင်းမွန်လာဖို့က လူနဲ့ပဲ ထိန်းလို့ရမယ်။ လူမှာ ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး နေထိုင်ပြုမူရမယ်။ ဒါကြောင့်မို့ ဘုန်းဘုန်းက ဒီအမျိုးသမီးနဲ့ ကလေးကို လိုက်ရှာနေပြီး ဖြစ်စဉ်ကို သေချာစုံစမ်းမယ်။ ကလေး ဗန်းပြတာလား တကယ်ခက်ခဲတဲ့ ပြည်သူလားဆိုတာ” လို့ MT News ကို ပြောပါတယ်။
လက်ရှိမှာလည်း လှိုင်သာယာက ပရဟိတအဖွဲ့တွေဟာ ကျူးလွန်ခံရသူ မြေးအဘွားကို ကလေးသနားတာကြောင့် ကူညီပေးဖို့ တစ်မြို့နယ်လုံး ဝိုင်းဝန်းရှာဖွေနေတယ်လို့သိရပေမဲ့ အခုအချိန်ထိတော့ ရှာမတွေ့သေးပါဘူး။
