၂၁ .၁၀. ၂၀၂၅
Written by Hey Mar
ဆန်စက်က ဘွိုင်လာအိုးပျက်နေတာကို လာရောက်ပြုပြင်သူတစ်ဦးဟာ ဘွိုင်လာအိုးမတော်တဆပေါက်ကွဲရာက နေရာတင်သေဆုံးခဲ့ပြီး ဆန်စက်လုပ်သား လေးဦး ဒဏ်ရာရတဲ့ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာရှိ ဓနသဟာယဆန်စက်မှာ ဖြစ်ပွားခဲ့တယ်လို့ ကရုဏာရှင် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့နံနက် (၁၀) နာရီကျော်အချိန်ခန့်မှာ ဖြစ်ပွားခဲ့ပြီး အဆိုပါ ဆန်စက်ရှိ ဘွိုင်လာအိုးပျက်နေတာကို ပြုပြင်စဉ် မီးပလက်ထိုးစမ်းသပ်ရာမှ မီးပေါင်တအားတက်ပြီး ဘွိုင်လာအိုးပေါက်ကွဲကာ အဆောက်အဦ ပြိုကျပျက်စီးမှုအပါအဝင် ထိခိုက်သေဆုံးမှုတွေပါဖြစ်ပွားခဲ့တာပါ။ သေဆုံးသူက အသက် ၅၂ နှစ်အရွယ်ဖြစ်ပြီး အဆောက်အဦီ ပြိုကျပျက်စီးမှုတွေအောက် ပိမိကာ ပျောက်ဆုံးနေလို့ တာဝန်ရှိသူတွေ အချိန် နှစ်နာရီနီးပါးကြာအောင် ရှာဖွေခဲ့ရတယ်လို့ သိရပါတယ်။





ကရုဏာရှင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့တော့ သေသူ ပေါ့။ ပျောက်နေတာကို သိလိုက်တယ်။ အဲ့ဒါနဲ့ တာဝန်ရှိသူတွေက အပျက်အစီးတွေအောက် ရှာတော့ တော်တော်ရှာလိုက်ရတယ်။ တွေ့တဲ့အခါကြ တစ်ကိုယ်လုံး ရေနွေးပူလောင်ပြီး လူက အသားနီတွေလန်နေတာပေါ့။ အသက်ကတော့ မပါတော့ဘူးပေါ့” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ဘွိုင်လာအိုးပေါက်ကွဲမှုကြောင့် အသက် (၅၂) နှစ်အရွယ်ခန့်ရှိ အမျိုးသား တစ်ဦး နေရာတင် သေဆုံးပြီး ဆန်စက်လုပ်သား အမျိုးသား(၃) ဦး၊ အမျိုးသမီး (၁) ဦး ၊ စုစုပေါင်း (၄)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက ဆေးကုသမှု့ခံယူနိုင်ဖို့ ဖျာပုံပြည့်သူဆေးရုံကြီးဆီကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေထဲက အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိလို့ ဆေးရုံမှပြန်လည်ဆင်းခွင့်ရရှိခဲ့ပြီး ဆန်စက် ပေါက်ကွဲမှုဖြစ်စဥ်ကိုတော့ ဖျာပုံခရိုင် ရဲတပ်ဖွဲ့ မှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။ ဓာတ်ပုံ- ကောင်းခန့်ကျော် (ဖျာပုံ)
