◾️ သမ္မတပူတင်က အပစ်အခတ်ရပ်စဲရေးအတွက် ဒွန်တက်စ်ခ်ဒေသအား ရုရှားသို့ အပြည့်အဝ ထိန်းချုပ်ခွင့်ပေးရန် တောင်းဆို

၂၀.၁၀.၂၀၂၅
Translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ခြေလှမ်းသစ်တစ်ရပ်အနေနဲ့ ယူကရိန်းအစိုးရက ရုရှားတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲက ဒွန်တက်စ်ခ် Donetsk ဒေသကို ရုရှားအားအပြည့်အဝထိန်းချုပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ Washington Post သတင်းစာက ဖော်ပြခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်တို့ အောက်တိုဘာလ ၁၆ ရက်က ဖုန်း ဆက်သွယ်ပြောကြားမှုအတွင်းမှာ ပူတင်က အပစ်အခတ်ရပ်စဲရေးအတွက် သူ့ရဲ့တောင်းဆိုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကို အသိပေးခဲ့တယ်လို့ အောက်တိုဘာလ ၁၈ ရက်ထုတ် Washington Post သတင်းစာ ဖော်ပြခဲ့တာပါ။
ဒွန်တက်စ်ခ်ဒေသက ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ မဟာဗျူဟာအရ အရေးပါတဲ့ဒေသလည်း ဖြစ်ပါ တယ်။ သမ္မတ နှစ်ဦး ဖုန်းပြောဆိုခဲ့ကြမှုမှာ ရုရှားသမ္မတ ပူတင်က ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းရဲ့ အခြားဒေသနှစ်ခုဖြစ်တဲ့ ဇာပိုရစ်ဇီးယား (Zaporizhzhia) နဲ့ ခါဆန် (Kherson) တို့ကို ရုရှားဘက်က အပြန်အလှန်အားဖြင့်စွန့်လွှတ်ပေးဖို့ ဆန္ဒရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ပြောခဲ့တာလို့ သိရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ် အနေနဲ့ သဘောတူညီချက်တစ်ခုရရှိဖို့ အကောင်းမြင်မှုရှိနေမေမယ့် ပူတင်ဟာ သူ့ရဲ့အတိတ်ကတောင်းဆိုမှုတွေကို လုံးဝမစွန့်လွှတ်သေးဘူးလို့အဆင့်မြင့်အရာရှိအချို့က ပြောတယ်လို့ Washington Post က ကိုးကားဖော်ပြခဲ့ပါတယ်။
ဒွန်တက်စ်ခ် ဒေသမှာ လောလောဆယ်မှာတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါ သေးတယ်။ ယူကရိန်းအစိုးရကလည်း နယ်မြေတွေကို စွန့်လွှတ်ခြင်း မပြုရဖို့ ဆက်လက်တိုက်ပွဲဝင်နေတယ်ဆိုပါတယ်။
ထရမ့်နဲ့ ပူတင်တို့ဟာ ယူကရိန်းစစ်ပွဲအရေး ဆွေးနွေးဖို့ လာမယ့်သီတင်းပတ်တွေမှာ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့မှာတွေ့ဆုံကြဖို့သဘောတူညီခဲ့ကြပါတယ်။ ပူတင်ရဲ့တောင်းဆိုမှုက အနာဂတ် ကာလမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ ဦးတည်ချက်ကို အကျိုးသက်ရောက်မှု ရှိ စေနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်ကတော့ ပူတင်ရဲ့ တောင်းဆိုမှုတွေအပေါ် လူသိရှင်ကြား အတည်ပြုပြောကြားတာ တစ်စုံတစ်ရာ မပြုလုပ်သေးပါဘူး။ ဒါပေမယ့် သူက အောက်တိုဘာလ ၁၇ ရက်က ယူကရိန်းသမ္မတ ဇယ်လန်စကီးနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီးမှာ “တိုက်ခိုက်သတ်ဖြတ်နေကြတာတွေကို ရပ်ပြီး သဘောတူညီချက်တစ်ခုရယူဖို့ အချိန်ရောက်ပါပြီ။ နှစ်ဖက်စလုံးက ရပ်သင့်ပါပြီ။ နှစ်ဖက် စလုံးက ကိုယ်နိုင်တယ်ပြောကြတာပေါ့။ ဒီအတွက် သမိုင်းကိုပဲ ဆုံးဖြတ်ခွင့်ပေးကြပါ” လို့ ပြောခဲ့ပါတယ်။
Ref-Washington Post
