A cargo plane lies partially in the sea after veering off the runway during landing at Hong Kong International Airport in Hong Kong, China, October 20, 2025. REUTERS/Tyrone Siu
၂၀. ၁၀. ၂၀၂၅
Translated by Thettant
ဒူဘိုင်းမှ ပျံသန်းလာသော ကုန်တင်လေယာဉ်တစ်စင်းသည် ယနေ့ တနင်္လာနေ့ နံနက် အစောပိုင်းက ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းမှ ချော်ထွက်ပြီး ပင်လယ်ထဲသို့ ကျသွားခဲ့ကြောင်း မြို့တော်၏ လေဆိပ်လုပ်ငန်းလည်ပတ်သူက ပြောကြားခဲ့သလို ဒေသတွင်း မီဒီယာများက လူနှစ်ဦး သေဆုံးသွားကြောင်း ဖော်ပြထားသည်။

မတော်တဆမှု ဖြစ်ပွားပြီးနောက် ရိုက်ယူထားသော ဓာတ်ပုံများအရ AirACT လေကြောင်းလိုင်း၏ အရောင်အမှတ်အသားပါသော Boeing 747 ကုန်တင်လေယာဉ်သည် လေဆိပ်၏ ပင်လယ်ရေကာတာအနီး ရေထဲသို့ တစ်စိတ်တစ်ပိုင်း နစ်မြုပ်နေသည်ကို ပြသခဲ့သည်။ လေယာဉ်ပေါ်မှ အရေးပေါ်လျှောဆင်းထွက်ပေါက် (Escape slide) ကို ဖွင့်ထားပြီး လေယာဉ်၏ ဦးပိုင်းနှင့် အမြီးပိုင်းတို့သည်လည်း ကွဲထွက်နေသည်ကို တွေ့ရသည်။

လေယာဉ်ပေါ်ပါ လေယာဉ်အမှုထမ်း လေးဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဟောင်ကောင်လေဆိပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေယာဉ်တိုက်မိသည်ဟု သံသယရှိရသော လေယာဉ်ပြေးလမ်းအနီးရှိ မြေပြင်ယာဉ်တစ်စီးအတွင်းမှ လူနှစ်ဦး သေဆုံးသွားကြောင်းကို ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ South China Morning Post သတင်းစာက ဖော်ပြသည်။

ရဲတပ်ဖွဲ့သည် ဖြစ်စဥ်အပေါ် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။
ကမ္ဘာပေါ်တွင် အလုပ်အများဆုံး ကုန်တင်လေဆိပ်ဖြစ်သော ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ မြောက်ဘက်ပြေးလမ်းကို ယင်းမတော်တဆမှုဖြစ်ပွားပြီးနောက် ပိတ်ထားလိုက်ကြောင်း၊ သို့သော် တောင်ဘက်နှင့် ဗဟိုပြေးလမ်းများမှာ ဆက်လက်လည်ပတ်နေကြောင်း ပြောကြားခဲ့သည်။

ယင်းမတော်တဆမှုသည် တနင်္လာနေ့ နံနက် ၃ နာရီ ၅၀ မိနစ် (ထိုင်းစံတော်ချိန် နံနက် ၂ နာရီ ၅၀ မိနစ်) ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဟောင်ကောင်မြို့၏ အရပ်ဘက်လေကြောင်းဌာန (Civil Aviation Department) က အဆိုပါလေယာဉ်သည် “ဆင်းသက်ပြီးနောက် မြောက်ဘက်ပြေးလမ်းမှ သွေဖည်ကာ ပင်လယ်ထဲသို့ ကျသွားခဲ့သည်” ဟု ချက်ချင်း ထုတ်ပြန်ခဲ့သည်။

”မြေပြင်ဝန်ထမ်းနှစ်ဦးကို တိုက်မိ ထိခိုက်ပြီးနောက် လေယာဥ်က ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ကာ ၎င်းတို့၏ အခြေအနေကို အတည်ပြုရန် စောင့်ဆိုင်းနေသည်” ဟုလည်း ဖော်ပြ ပြောကြားခဲ့သည်။
Emirates လေကြောင်းလိုင်းကလည်း တနင်္လာနေ့တွင် ဟောင်ကောင်၌ ဆင်းသက်ခဲ့သော EK9788 လေယာဉ် ပျက်စီးခဲ့ကြောင်း၊ ၎င်းမှာ ACT Airlines ထံမှ အငှားယူပြီး ယင်းလေကြောင်းလိုင်းကပင် လည်ပတ်ပျံသန်းသော Boeing 747 ကုန်တင်လေယာဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“လေယာဉ်အမှုထမ်းများ ဘေးကင်းကြောင်း အတည်ပြုပြီး ကုန်ပစ္စည်း တစ်စုံတစ်ရာ ပါဝင်ခြင်း မရှိပါ” ဟု Emirates က ပြောသည်။
ACT Airlines သည် အဓိက လေကြောင်းလိုင်းများအတွက် အပိုကုန်တင်နိုင်စွမ်းကို ပံ့ပိုးပေးသည့် တူရကီလေကြောင်းလိုင်းတစ်ခု ဖြစ်သည်။ လုပ်ငန်းချိန်ပြင်ပဖြစ်သောကြောင့် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

လေယာဉ်ပျံသန်းမှု ခြေရာခံဝန်ဆောင်မှုစနစ်ဖြစ်သော FlightRadar24 က မတော်တဆမှုဖြစ်ပွားသည့် လေယာဉ်သည် သက်တမ်း ၃၂ နှစ် ရှိပြီဖြစ်ပြီး ကုန်တင်လေယာဉ်အဖြစ် မပြောင်းလဲမီက ခရီးသည်တင်လေယာဉ်အဖြစ် အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
ဟောင်ကောင်၏ အရပ်ဘက်လေကြောင်းဌာနက ဤဖြစ်ရပ်ကို မြို့တော်၏ လေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့ (Air Accident Investigation Authority) ထံ အကြောင်းကြားထားပြီး စုံစမ်းစစ်ဆေးမှုကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref & Photo , Bangkok Post , SCMP
