၂၀. ၁၀. ၂၀၂၅
Written by Nyein Kyaw
စက်မှုဇုန်အသီးသီးရှိ စက်ရုံတစ်ခုချင်းစီ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၊ ထုတ်လုပ်မှုတန်ဖိုး၊ လုပ်သားဦးရေ၊ ထုတ်ကုန်ပစ္စည်းအမျိုးအစား၊ မြေအသုံးချမှုတို့ကို ပြုစုတင်ပြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ယမန်နေ့တွင် ကျင်းပသည့် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို အောက်တိုဘာ ၃ ရက်တွင် ကျင်းပခဲ့ကြောင်း၊ ဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က အချက်(၁၅)ချက်အား အချိန်မီဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့သဖြင့် အမြန်ဆုံးပြီးစီးရေးအတွက် အချိန်ဇယားများ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးစက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ၊ လမ်းညွှန်မှာကြားချက်များနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာကော်မတီ၏ လုပ်ငန်းတာဝန်၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီများ၏ လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုပြုစု၍ လုပ်ငန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
စက်မှုဇုန်အသီးသီးရှိ စက်ရုံတစ်ခုချင်းစီ၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး၊ ထုတ်လုပ်မှုတန်ဖိုး၊ မြင်းကောင်ရေအား၊ လုပ်သားဦးရေ၊ ထုတ်ကုန်ပစ္စည်းအမျိုးအစား၊ မြေအသုံးပြုမှုတို့ကို ပြုစုတင်ပြပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှသာ ဒေသအတွင်းရှိ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် တိုင်းဒေသကြီး GDP တွင် စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးမြှင့်တင်နိုင်ခြင်းစသည့် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်နိုင်၍ အလေးထားဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
