၂၀.၁၀.၂၀၂၅
Written By Thandar





တိုးတက်ရုပ်ရှင်ထုတ်လုပ်ရေးက ဟာသဒရာမာဇာတ်လမ်းပုံစံ “အတူး” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် Kantharyar Migalar Cinema မှာ ကျင်းပခဲ့ပါတယ်။
“အတူးကတော့ ကျွန်တော့်ရိုက်ချင်တဲ့ ကားတစ်ကားထဲမှာပါတယ်ပေါ့နော်။ ကျွန်တော် ကံကောင်းရိုက်တဲ့အချိန်မှာ Location ကြည့်လိုက်တော့ ဟဲဟိုးကနေ ၄၅ မိနစ်လောက်ဆက်သွားရင် ဘော်ဆိုင်းဆိုတဲ့မြို့လေး။ မင်းတုန်းမင်းလက်ထပ်က ဘုန်းကြီးကျောင်းရှိတာမို့ သဘောကျပြီး ဇာတ်ကားတစ်ကားရိုက်ချင်စိတ်ဖြစ်လာခဲ့တာပါ။ အတူးက ဟာသတွေပဲပါတာမဟုတ်ဘဲ ဒရာမာပိုင်းနဲ့လည်း ထည့်ထားတဲ့ကားလေးပါ။ ပရိသတ်အကြိုက်တွေ့စေမှာပါ”လို့ ဒါရိုက်တာ အကယ်ဒမီဝင်းလွင်ထက်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း ဒီဒီထက်အောင်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က ရှမ်းပြည်နယ် ဘော်ဆိုင်းမြို့ရဲ့ ရှုခင်းအလှအပတွေကြားမှာ ပုံဖော်ရိုက်ကူးထားပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီ ရန်အောင်၊ ပိုးမမှီသာ၊ စနိုးကြည်ဖြူ၊ ကေညီ၊ ဂျိုကာ၊ ကျော်ထူး ၊ဇော်ဝင်းနိုင်(မန်း)၊ ဥဩ၊ ဇီးရတနာပွင့်၊ အင်ကြင်းဖူး၊ ချောဆင့်သူ၊ သဲနဒီစံ တို့ပါဝင်ထားကြပါတယ်။
“အတူး” ရုပ်ရှင်ဇာတ်ကားကို လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
