၁၉.၁၀.၂၀၂၅
Written By Thandar





တိုးတက်ရုပ်ရှင်ထုတ်လုပ်ရေးက “အတူး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇယမင်္ဂလာပရဟိတအလှူတော် အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်ရှိလိုတရဟင်္သာတကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို ဒါရိုက်တာ အကယ်ဒမီဝင်းလွင်ထက်တို့ဇနီးမောင်နှံ၊ အနုပညာရှင် အကယ်ဒမီ မြင့်မြတ်တို့ ဇနီးမောင်နှံနဲ့ ပိုးမမှီသာတို့ တက်ရောက်ခဲ့ကြပါတယ်။
“ခုလို လိုတရဟင်္သာတကျောင်းတိုက်က ဆရာတော်သံဃာတော်အရှင်သူမြတ်တွေကို နေ့ဆွမ်းဆက်ကပ်လှူတယ်။ သာသနာပြု ဘုန်းတော်ကြီးသင်ပညာရေးမူလလွန်ကျောင်းအထိ တက်ရောက်နေကြတဲ့ ကလေးတွေကိုလည်း အာဟာရအလှူ လှူရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ခုလို တကူးတက ရုပ်ရှင်ကိုလာရောက်ကြည့်ရှုဖို့ ခက်ခဲတဲ့ကလေးတွေကို ရုပ်ရှင်ကြည့်လို့ရအောင် လုပ်ဆောင်ပေးရတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ သရုပ်ဆောင်မြင့်မြတ်က ပြောပါတယ်။
လိုတရဟင်္သာတ ပရဟိတ ဓမ္မရိပ်သာ မိဘမဲ့ဂေဟာရှိ ဆရာတော်သံဃာတော်အရှင်သူမြတ်တွေ အပါး ၁၀၀ ကျော်ကို ထမင်း၊ ကြက်သားဟင်း၊ ဝက်သားဟင်း၊ ချဉ်ရည်ဟင်း၊ ငါးခြောက်ငရုပ်သီးကြော်၊ ငပိရည်၊ အစိမ်းကြော်၊ အချဉ်သုပ်စတာတွေ နေ့ဆွမ်းဆက်ကပ်ခဲ့သလို ကျောင်းသား/ကျောင်းသူ ၅၀၀ ကိုလည်း နေ့လယ်စာအာဟာရကုသိုလ်ပြုပေးခဲ့ပါတယ်။
ဒီကျောင်းရှိ ကလေးတွေကိုလည်း အတူးရုပ်ရှင်ဇာတ်ကားကို အနုပညာရှင်တွေနဲ့အတူ ကြည့်ရှု ပြသခဲ့ကြပါတယ်။
