၁၉.၁၀.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒက်ကာရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ကုန်တင်ကုန်ချဂိတ်မှာ အောက်တိုဘာလ ၁၈ ရက်မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး လေယာဉ်ပျံသန်းမှုအားလုံးကို ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိက အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်ဖြစ်တဲ့ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ကုန်တင်ကုန်ချဂိတ်မှာ မီးလောင်မှု ဖြစ်ပွားတာကြောင့် လေကြောင်း သွားလာမှုလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပြီးနောက် ခြောက်နာရီအကြာ အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းမှာ လေကြောင်း ပျံသန်းမှုလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ခဲ့ပါတယ်။
ပထမဆုံး လေကြောင်းပျံသန်းမှုကို ဒေသစံတော်ချိန် ည ၉ နာရီ ၀၆ မိနစ်(၈း၃၆ နာရီ IST) မှာ လေဆိပ်က စတင် ပျံတက် ထွက်ခွာခဲ့တယ်လို့ လေဆိပ်တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တယ်လို့ လေကြောင်းပျံသန်းရေးနဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

“မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ အဆင့်ဆင့် လုပ်ဆောင်ပြီး နောင်မှာ ဒီလို အဖြစ်မျိုးတွေကို ကာကွယ်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဝန်ကြီးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် မီးခိုးတွေ မြို့အနှံ့ ထူထပ်စွာ ပျံ့နှံ့ကာ အရေးပေါ် တုံ့ပြန်မှု အကြီးစား အနေနဲ့ မီးငြှိမ်းသတ်ဖို့ မီးသတ်တပ်ဖွဲ့ ၃၇ ဖွဲ့ ဖြန့်ကျက် ဆောင်ရွက်ခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ် ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့ကလည်း မီးလောင်မှုကို ထိန်းသိမ်းနိုင်ဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။
မီးလောင်မှုမှာ မြေပြင်ပေါ်ရှိ လေယာဉ်အားလုံး ဘေးကင်းပြီး လူ အသေအပျောက်မရှိဘူးဆိုတာ လေဆိပ်တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။ ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ်များ ပိတ်ထားရလို့ ထိခိုက်သက်ရောက်မှုတွေ ရှိခဲ့ပြီး လေကြောင်းခရီးစဉ်များစွာကို လမ်းကြောင်းပြောင်းခဲ့ရပါတယ်။
အခုဖြစ်ရပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်ပတ်အတွင်း တတိယမြောက် မီးလောင်မှုကြီးဖြစ်ပါတယ်။ အောက်တိုဘာလ ၁၄ ရက်ကလည်း ဒက်ကာရှိ အထည်ချုပ်စက်ရုံတစ်ရုံနဲ့ ကပ်လျက် ဓာတုဂိုဒေါင်တစ်ခုတို့မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ အောက်တိုဘာလ ၁၆ ရက် ကလည်း စစ်တကောင်းမြို့ရှိ ပို့ကုန်လုပ်ငန်းဇုန်ရှိ ခုနစ်ထပ် အဆောက်အအုံ အထည်ချုပ်စက်ရုံ တစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ရပါသေးတယ်။
Ref- India Today
