၃၀. ၉. ၂၀၂၅
Written by Tha Doe
ကျပ် သိန်းပေါင်း ၉၀၀၀၀ ခန့် အကုန်အကျခံလှူဒါန်းမည့် မစိုးရိမ်ကျောင်းတိုက် တည်ဆောက်မှုတွင် ဌာပနာတည်ရန် ပြည်သူများက လာရောက်လှူဒါန်းထားသည့် ကျောက်မျက်ရတနာများကို ဇွဲထက် စိန်ရွှေရတနာဆိုင်က ယနေ့ ပြသထားသည်။








နိုင်ငံကျော်ဇွဲထက် စိန်ရွှေရတနာဆိုင်ပိုင်ရှင် ကျောင်းဒါယကာ ဦးဆန်းဝင်း + ကျောင်းဒါယိကာမ ဒေါ်ဝင်းမာ မိသားစုတို့မှ မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားသော မစိုးရိမ်ကျောင်းတိုက် သာသန နယူပဒေသကျောင်း (အလယ်တိုက်ကြီး) အသစ်ပြန်လည်တည်ဆောက်လှူဒါန်းရန်အတွက် ရတနာအုတ်မြစ်တော်ကိုးပါးစီရင်မှုအပြင် ဌာပနာအဖြစ် လှူဒါန်းလိုသော ပြည်သူများ လာရောက်လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ရာမှ ပြည်သူများက စိန်ရွှေကျောက်သံပတ္တမြား မြောက်များစွာ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထိုရတနာများစွာကို သာသန နယူပဒေသကျောင်း ပြန်လည်တည်ဆောက်မှုတွင် ဌာပနာအဖြစ် ထည့်သွင်းသွားမည်ဖြစ်သည်။
ဇွဲထက် စိန်ရွှေရတနာဆိုင်အနေဖြင့် လှူဒါန်းခဲ့သည့် သာသန နယူပဒေသကျောင်းကြီးမှာ ဇွဲထက်လှူဒါန်းခဲ့သမျှတွင် တန်ဖိုးအကြီးမားဆုံးလည်းဖြစ်ပြီး ဘုရားစေတီများ တည်ထားကိုးကွယ်ရာတွင်သာ ဌာပနာထားမှုမှ ကျောင်းတိုက်တည်ဆောက်ရာတွင်ပါ ဌာပနာများ လှူဒါန်းခြင်းမှာ မှတ်တမ်းဝင်ဖြစ်ရပ်ဖြစ်သလို ကနဦးလှူဒါန်းရန် ကြံရွယ်စဉ်က ကျပ်သိန်းပေါင်း ၃၀၀၀၀ ခန့်သာ ကုန်ကျနိုင်မည်ဟု ခန့်မှန်းသော်လည်း စနစ်တကျတွက်ချက်ချိန်တွင် ကျပ်သိန်းပေါင်း ၉၀၀၀၀ ခန့် ကုန်ကျနိုင်မည်ဆိုသည့် သာသန နယူပဒေသကျောင်းကြီးကို တည်ဆောက်လှူဒါန်းရာတွင် ကျပ်သိန်းပေါင်း တစ်သိန်းကုန်လည်း မတုန်လှုပ်ဘူးဟု ကျောင်းဒါယိကာမ ဒေါ်ဝင်းမာ ပြောခဲ့သည်မှာလည်း ပြည်သူများအကြား ပီတိပွားခဲ့ရသော ဖြစ်ရပ်ဖြစ်ခဲ့သည်။
သာသန နယူပဒေသကျောင်းတိုက်သစ်ကြီး ရတနာအုတ်မြစ်စီအခမ်းအနားကို မနက်ဖြန် အောက်တိုဘာ ၁ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်သူများ လှူဒါန်းထားသည့် ရွှေငွေကျောက်သံပတ္တမြား များစွာအပြင် မဏိသျှတ္တရကျမ်းတော်အရ ကပ်လှူပူဇော် ဌာပနာမည့် ကျောက်မျက်ရတနာအုဌ်မြစ်တော် အစစ်များဖြစ်သော ”စိန်” အပွင့်ပေါင်း ၆၅၄ ပွင့်ဖြင့် သေသပ်လှပစွာ စီခြယ်ထားသော “ ကြွပ်အုဌ်တော် “၊ ”ပတ္တမြား ” အပွင့်ပေါင်း ၃၂၅ ပွင့်ဖြင့် သေသပ်လှပစွာ စီခြယ်ထားသော “ ရွှေအုဌ်တော် “၊ “ ပုလဲ “ အလုံးရေပေါင်း ၁၀၉ လုံးဖြင့် သေသပ်လှပစွာ စီခြယ်ထားသော “သံအုဌ်တော် “၊ “ ကြောင်ကျောက် “ အပွင့်ပေါင်း ၄၀၇ ပွင့်ဖြင့် သေသပ်လှပစွာ စီခြယ်ထားသော “ ဘင်အုဌ်တော် “၊ “ ဂေါ်မုတ် “ အပွင့်ပေါင်း ၃၆၂ ပွင့်ဖြင့် သေသပ်လှပစွာ စီခြယ်ထားသော “ ပြဒါးအုဌ်တော် “၊ “ မြ “ အပွင့်ပေါင်း ၄၆၈ ပွင့်ဖြင့် သေသပ်လှပစွာ စီခြယ်ထားသော “ သွတ်အုဌ်တော် “၊ “ ဥဿဖရား “ အပွင့်ပေါင်း ၄၁၀ ပွင့်ဖြင့် သေသပ်လှပစွာ စီခြယ်ထားသော “ ကြေးနီအုဌ်တော် “၊ “ နီလာ “ အပွင့်ပေါင်း ၃၉၇ ပွင့်ဖြင့် သေသပ်လှပစွာ စီခြယ်ထားသော “ ငွေအုဌ်တော် “နှင့် “ သန္တာ “ အပွင့်ပေါင်း ၄၄၁ ပွင့်ဖြင့် သေသပ်လှပစွာ စီခြယ်ထားသော “ ခဲအုဌ်တော် “တို့ကိုပါ စတင် ဌာပနာသွားမည်ဖြစ်သည်။
