◾️ ကာဇက်စတန်နိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းနိုင်ငံတစ်ခု တိုးခဲ့ဟုပါ ပြောကြား
၃၀. ၉. ၂၀၂၅
Written by Nyein Kyaw
ရုရှားနိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံခဲ့ချိန်တွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို အရှေ့တောင်အာရှတွင် ယုံကြည်စိတ်ချရဆုံး မိတ်ဖက်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံကို မဟာဗျူဟာမိတ်ဖက်နိုင်ငံအနေဖြင့် အသိအမှတ်ပြုပြီး ဆက်ဆံရေးတိုးမြှင့်နိုင်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း၊ ကာဇက်စတန်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း အသီးသီးသွားရောက်ခဲ့ပြီး ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန် သတင်းမီဒီယာများ၏ မေးမြန်းမှုများအား ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မစ္စတာဗလာဒီမာပူတင်နဲ့ တွေ့ဆုံတဲ့အခါမှာတော့ ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှာ ယုံကြည်စိတ်ချရဆုံး မိတ်ဖက်နိုင်ငံတစ်ခုအဖြစ် အမြဲတမ်းအသိအမှတ်ပြုနေတဲ့အကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံကို မဟာဗျူဟာ မိတ်ဖက်နိုင်ငံတစ်ခုအနေနဲ့ အသိအမှတ်ပြုပြီးတော့ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်သွားမယ့် အကြောင်းအရင်းတွေ၊ နည်းပညာဖလှယ်မှုတွေ၊ အာကာသဆိုင်ရာနည်းပညာ၊ အဏုမြူစွမ်းအင်ဆိုင်ရာ နည်းပညာ၊ ကျန်တဲ့ပြည်သူလူထုကိုတိုက်ရိုက်အကျိုးပြုမယ့် နည်းပညာဖလှယ်မှုတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးနိုင်ခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။



နိုင်ငံတော်အကြီးအကဲ၏ ဒုတိယခရီးစဉ်ဖြစ်သည့် ကာဇက်စတန်နိုင်ငံ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာပူးပေါင်းဆောင်ရွက်နိုင်ရေး၊ IT နှင့်ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့သည့်အပြင် နှစ်နိုင်ငံခေါင်းဆောင်များ၏ သံတမန်ဆက်ရေးကောင်းများကြောင့် မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းနိုင်ငံတစ်ခုတိုးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ထူးခြားချက်ကတော့ ကာဇက်စတန် သမ္မတကြီးအနေနဲ့က မြန်မာနိုင်ငံက ပထမဦးဆုံးလာရောက်တဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ တော်တော့်ကို ဝမ်းသာအားရတယ်။ ကျေနပ်မှုရှိတယ်။ ဒါ့အပြင် တွေ့ဆုံပွဲအပြီးမှာ ယာယီသမ္မတကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြန်တဲ့အချိန်မှာ ကားပေါ်ထိလိုက်ပြီး နှုတ်ဆက်တာမျိုးပေါ့။ ဒါတွေထိ ရင်းနှီးဖော်ရွေမှုတွေပြတဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့နိုင်ငံအနေနဲ့ မိတ်ဆွေကောင်းနိုင်ငံတစ်ခုတိုးတယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။
