၃၀.၉.၂၀၂၅
Translated by Htwe Ko Tun
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ရာဟုက ဒိုဟာမြို့ကိုတိုက်ခိုက်ခဲ့မှုအတွက် ကာတာနိုင်ငံဝန်ကြီးချုပ်အား စက်တင်ဘာလ ၂၉ ရက် က တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ နေတန်ရာဟုက အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရန့်ပ်နဲ့ တွေ့ဆုံဆွေးနွေးနေစဉ် ကာတာဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင်အဗ္ဗဒူလ်ရာမန် အယ်လ်-သာနီကိုဖုန်းဆက်တောင်းပန်ခဲ့တာလို့လည်း သိရပါတယ်။
အဲဒီအချိန်မှာ ကာတာ နည်းပညာအဖွဲ့တစ်ဖွဲ့ကလည်း ဆွေးနွေးပြောကြားမှုတွေလုပ်ဖို့ ဝါရှင်တန်ကို ရောက်ရှိနေပါတယ်။
ထိုအတောအတွင်းမှာပဲ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး) က နေတန်ရာဟုကို ထရမ့်ပ်ရဲ့ ဂါဇာငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံဖို့နဲ့ အနောက်ဘက်ကမ်းဒေသကို ဝင်ရောက်ကျူးကျော်ဖို့ အကြံတွေကိုစွန့်လွှတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ယူအေအီးအစိုးရက အစ္စရေးအနေနဲ့ အနောက်ဘက်ကမ်းဒေသကို ကျူးကျော်တိုက်ခိုက်လာခဲ့ရင် ဆော်ဒီအာရေဗျနဲ့ အင်ဒိုနီးရှားတို့ အပါအဝင် တခြား အာရပ်နဲ့ မွတ်ဆလင်နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေးအခြေအနေကို ပျက်စီးစေမယ်လို့ သတိပေးခဲ့ပါတယ်။
အက်ဘရာဟမ်စာချုပ်အရ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးရှိတဲ့ ယူအေအီးနိုင်ငံက ကျူးကျော်တိုက်ခိုက် သိမ်းပိုက်မှုတွေကအနာဂတ်မှာ ဒေသအတွင်း သံခင်းတမန်ခင်းဆိုင်ရာအခွင့်အလမ်းတွေကို ထိခိုက်ပျက်ပြားစေမယ်လို့ အလေးထားပြောခဲ့ပါတယ်။
အစ္စရေးနိုင်ငံအတွင်းမှာလည်း တယ်လ်အဗစ်မြို့ရှိ အမေရိကန်သံရုံးရုံးခွဲ အပြင်ဘက်မှာ ဆန္ဒပြသူတွေ စုရုံးပြီး အမေရိကန်သမ္မတ ထရမ့်ပ်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုအား ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံဖို့ တွန်းအားပေးသွားပါလို့ တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသမားတွေကလည်း အစ္စရေးဓားစာခံတွေကို အခုပဲပြန်လွှတ်ပေးဖို့ ကြွေးကြော်ခဲ့ကြပြီး “သမ္မတ ထရမ့်ပ်၊ ဓားစာခံတွေ အိမ်ပြန်ရောက်ဖို့ ဆောင်ရွက်ပေးပါ”ဆိုတဲ့ စာတန်းတွေကိုင်ဆောင်ထားကြပါတယ်။ ဓားစာခံတွေရဲ့ မိသားစုဝင်တွေက ခုလိုဆန္ဒပြပွဲကို ဦးဆောင်ကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။
Ref- Times of Karachi
