MT News
၃၀ . ၉. ၂၀၂၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုလည်း ကျပ် ၆ ဘီလျံခွဲနီးပါးတန်ဖိုးရှိ တရားမဝင်သွင်းကုန်များ သယ်ဆောင်လာသည့် ကျပ်တစ်ဘီလျံနီးပါးတန်ဖိုးရှိ ရေယာဉ်နှစ်စင်းကို တစ်နေ့တာအတွင်း ဖမ်းမိလိုက်သည်ဟု သိရသည်။
ဖြစ်စဉ်များမှာ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်က သာကေတဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် MV. Shwe Dei Wi ရေယာဉ်ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၂၈ မျိုး၊ လူသုံးကုန်ပစ္စည်း ၃၉ မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၇၁၁၂၀၃၇၂ ကို ဖမ်းမိခဲ့သည်။
အလားတူ ထို စက်တင်ဘာ ၂၇ ရက်နေ့တွင်ပင် မုတ္တမဆိပ်ကမ်း (လှိုင်သာယာ) ၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် MV. Shwe Bon San ရေယာဉ်ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၃၅ မျိုး၊ လူသုံးကုန်ပစ္စည်း ၁၈ မျိုး၊ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၈၀၄၈၉၇၇၀၈ ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းမိရေယာဉ်များ၏ ခန့်မှန်းတန်ဖိုးမှာ MV. Shwe Dei Wi ရေယာဉ်သည် ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၈၇၁၈၁၄၈ ခန့်ရှိပြီး MV. Shwe Bon San ရေယာဉ်သည် ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၄၆၂၇၉၁၂ ရှိကြောင်းနှင့် ထိုရေယာဉ်များကို အမှုတွဲဖွင့်လှစ်အရေးယူ ဆောင်ရွက်လျက်ရှိသလို ဖမ်းမိကုန်စည်နှင့် ရေယာဉ်တန်ဖိုးပေါင်းမှာ ကျပ် ၇၃၉၅၅၃၄၁၄၀ ခန့်ဖြစ်ကြောင်း သိရသည်။
