၃၀. ၉. ၂၀၂၅
Written by Nyein Kyaw
ကမ္ဘာ့နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာကို လေးစားရန် အဓိကကျသည့်အတွက် နိုင်ငံတကာ အဖွဲ့အစည်းအများစုက အားလုံးသဘောတူညီရေးဆွဲထားသည့် အဖွဲ့အစည်း၏ ပဋိဉာဉ်နှင့် စည်းမျဉ်းစည်းကမ်းများကို ၎င်းတို့ကိုယ်တိုင် ပြန်လည်မချိုးဖောက်မိရန်လိုကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ကာဇက်စတန်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့စဉ််အတွင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ကာဇက်စတန်သမ္မတနိုင်ငံပိုင် PTRK သတင်းဌာနကြီးမှ အင်တာဗျူးအား ဖြေကြားခဲ့စဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မျက်မှောက်ခေတ် ကမ္ဘာဟာ အရင်ကလို ဧကဝင်ရိုး(Uni Polar)စနစ်လို မဟုတ်တော့ဘဲ ဗဟုဝင်ရိုး (Multi Polar) စနစ်ကို ဦးတည်နေပါပြီ။ ပိုမိုတန်းတူညီမျှတဲ့ ကမ္ဘာ့စနစ်ကို တည်ဆောက်ကြတဲ့နေရာမှာ အင်အားကြီးစူပါပါဝါ တစ်နိုင်ငံတည်းအပေါ် အလွန်အမင်းမှီခိုနေရမှုကို ရှောင်ရှားပြီး မိမိတို့ရဲ့ မိတ်ဖက်နိုင်ငံတွေကို တိုးချဲ့ဆက်ဆံကြရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရင် ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ ပြောင်းလွယ်ပြင်လွယ်ဖြစ်စေပြီး မလိုအပ်တဲ့ဖိအားတွေကိုလည်း မိတ်ဖက်နိုင်ငံတွေရဲ့ ပေါင်းစည်းအားနဲ့ ကြံ့ကြံ့ခံနိုင်လာမှာဖြစ်ပါတယ်။ အထူးသဖြင့် စီးပွားရေးအပိုင်းမှာ အားလုံးဟာပြောင်းလဲလာနေတဲ့ ကမ္ဘာ့အစီစဉ်သစ် (New World Order)နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုတွေလုပ်ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့လိုနိုင်ငံငယ်တွေအချင်းချင်း အတူပူးပေါင်းပြီး ကုန်သွယ်ဆက်ဆံရေးတွေကို ဒေသစုံဖြန့်ကြက်နိုင်စွမ်းကို မြှင့်တင်ကြရမှာဖြစ်ပါတယ်။ ခင်ဗျားမေးတဲ့မေးခွန်းထဲမှာပါတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြုပြင်နိုင်ဖို့ဆိုတာ လိုအပ်တဲ့အချက်ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ အားလုံးသဘောတူညီရေးဆွဲထားတဲ့ အဖွဲ့အစည်းရဲ့ ပဋိဉာဉ်တွေ၊ စည်းမျည်းစည်းကမ်းတွေကို သူတို့ကိုယ်တိုင် ပြန်လည်မချိုးဖောက်မိဖို့လိုပါတယ်။ ပြီးရင် ကမ္ဘာ့နိုင်ငံတိုင်းရဲ့ အချုပ်အခြာ အာဏာကို လေးစားဖို့လိုပါတယ်။ ဒီအချက်တွေကို အဖွဲ့အစည်းတော်တော်များများက ချိုးဖောက်နေတာတွေ့ရပါတယ်။ ဒါတွေဟာ ပြုပြင်သင့်တဲ့အချက်တွေပါ။ ဒါတွေကို ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းလေ့လာ ဆောင်ရွက်နိုင်ပါတယ်” ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖြေကြားခဲ့သည်။
ဗဟိုအာရှဒေသသည် ဥရောပ၊ အနောက်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှဒေသများ၏ ကုန်သွယ်ရာဒေသတစ်ဖြစ်သလို ပိုးလမ်းမကြီးလည်းတည်ရှိသည့်အတွက် ကမ္ဘာ့လုံခြုံရေးနှင့် ထောက်ပံ့ရေးအတွက် အလွန်အရေးပါသည့် ဗဟိုချက်တွင် အရေးပါသည့် ကာဇက်စတန်နိုင်ငံနှင့် ကမ္ဘာ့အင်အားကြီး တရုတ်နှင့် အိန္ဒိယနိုင်ငံကြီးများ၊ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသကို ဆက်စပ်ပေးနိုင်သည့် ဒေသတွင်း Land Bridge နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတို့အကြား ရှိရင်းစွဲအရေးပါမှုများကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။
“အရင်ကတည်းက ဗဟိုအာရှဒေသဟာ ဥရောပ၊ အနောက်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှဒေသများရဲ့ ကုန်သွယ်ရာဒေသတစ်ခုဖြစ်သလို ပိုးလမ်းမကြီးလည်း တည်ရှိတဲ့အတွက်ကြောင့် ကမ္ဘာ့လုံခြုံရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးအတွက် အလွန်အရေးပါတဲ့ ဗဟိုချက်တစ်ခုဖြစ်ပါတယ်။ ဒီလိုအရေးပါတဲ့အတွက်လည်း ဒေသတွင်းတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာအရေးကြီးပါတယ်။ ကာဇက်စတန်နိုင်ငံဟာ ဒီလိုဒေသမှာ ထပ်မံပြီး အချက်အခြာကျတဲ့နေရာမှာ ရှိနေတာတွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့အင်အားကြီး တရုတ်နဲ့ အိန္ဒိယအကြားမှာရှိပြီး အရှေ့တောင်အာရှဒေသနဲ့ တောင်အာရှဒေသကို ဆက်စပ် ပေးနိုင်တဲ့ဒေသတွင်း Land Bridge နိုင်ငံဖြစ်ပါတယ်။ ဒီလိုနှစ်နိုင်ငံမှာရှိနေတဲ့ ရှိရင်းစွဲ အရေးပါမှုတွေကို အရာရောက်အောင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ တစ်နိုင်ငံချင်းမှာရှိတဲ့ မတူညီတဲ့ထွက်ကုန်တွေ၊ ဒေသရှုခင်းတွေ၊ ယဉ်ကျေးမှုတွေ စတာတွေကို ဖလှယ်ကြရင်း ဒေသတွင်းတည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို မြှင့်တင်နိုင်မယ်လို့ မြင်ပါတယ်” ဟု ယာယီသမ္မတက ဖြေကြားခဲ့သည်။
