၁၆.၉.၂၀၂၅
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာရရှိထားတဲ့ အဆိုတော်အိမ့်ချစ်နဲ့ ဂျူနီယာ ချစ်ကောင်းတို့ရဲ့ မိခင် ဒေါ်ဝါဝါထူးဟာ ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၃ နာရီ ၄၃ မိနစ်က ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
“အိမ့်ချစ်ရဲ့ချစ်လှစွာသောမိခင်ကြီး ဒေါ်ဝါဝါထူး ၁၆.၀၉.၂၀၂၅ ရက်နေ့ နံနက် ၃း၄၃ မိနစ်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားပါပြီ”လို့ အဆိုတော် အိမ့်ချစ်က ပရိသတ်သိအောင် ပြောလာပါတယ်။
ဒေါ်ဝါဝါထူးဟာ အဆိုတော် ချစ်ကောင်းရဲ့ ဇနီးဟောင်းဖြစ်ပြီး အိမ့်ချစ်တို့ မိသားစုကို မုန့်ဟင်းခါးရောင်း၊ ငွေတိုးချေး၊ ရှိတာရောင်းချပြီး ပြုစုပျိုးထောင်ခဲ့သူလည်းဖြစ်တယ်လို့ သိရပါတယ်။ အိမ့်ချစ်ကတော့ ဂီတသက်တမ်း နှစ် ၂၀ ကျော်ရှိပြီး အမေများနေ့မှာ အမေအတွက် အမေသီချင်းလက်ဆောင် ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။
“အိမ့်ချစ်ရဲ့ မေမေက ခုချိန်မှာ ကင်ဆာဝေဒနာရှိမှာပေါ့။ Last Date ရောက်လာချိန်မှာ အသံတောင် ပီတာလို့ မပီတော့သလိုဖြစ်တယ်။ ခုချိန် ကျန်းမာရေးမကောင်းတော့ စိတ်မကောင်းဖြစ်ခဲ့တယ်။ လောကဓံကို ရင်ဆိုင်နေရချိန် အစ်မရဲ့ခွန်အားကသမီးလေးပါပဲ။ ကိုယ်လည်း အမေနဲ့အတိုက်အခံဖြစ်ခဲ့တဲ့အချိန်တွေရှိတယ်။ အမေ့ကို နားမလည်ခဲ့တဲ့အချိန်တွေရှိခဲ့တယ်။ တကယ်တမ်းကြတော့ ခွဲခွာရတော့မယ်ဆိုတာ သိချိန်ရောက်လာတဲ့အချိန်မှာ အရင်က အချိန်တွေကို တွေးပြီးနောင်တရရတယ်။ အရင်ကမှားခဲ့တဲ့ အချိန်တွေကိုပြန်တွေးမိတယ်။ ရှိနေတဲ့ချိန်မှာ မိသားစုတွေ ချစ်ချစ်ခင်ခင်နဲ့ နေကြပါ။ အမေနဲ့ခွဲခွာရတော့မယ့်အချိန်မှာ နောင်တတွေရလာမိတယ်”လို့ အဆိုတော် အိမ့်ချစ်က ရုပ်ပျိုတိုင်းရင်းဆေးပွဲနေ့က ရင်ဖွင့်ခဲ့ပါသေးတယ်။
အိမ့်ချစ်တို့ရဲ့ မိခင်ကွယ်လွန်မှုအပေါ် အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက စိတ်မကောင်းဖြစ်နေကြလို့ အားပေးစကားတွေပြောပေးနေကြတာလည်း ဖြစ်ပါတယ်။ ဒေါ်ဝါဝါထူးရဲ့ နာရေးအစီအစဥ်ကိုတော့ မကြာခင် ပရိသတ်ကို အသိပေးသွားမယ်လို့ သိရပါတယ်။
#အိမ့်ချစ် #ဂျူနီယာချစ်ကောင်း #ဒေါ်ဝါဝါထူး #EintChit #JuniorChitKaung #DawWarWarHtoo #MyanmarSinger #RIP





