သက်တန့်
၁၆. ၉. ၂၀၂၅
ထိုင်းနိုင်ငံ၊ ကန်ချနဘူရိပြည်နယ်၊ သောင်းဖာဖုမ်မြို့နယ်က ထိုင်းလုံခြုံရေးအရာရှိတွေဟာ မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နေ့စဉ်နဲ့အမျှ ဖမ်းဆီးနေရပြီး ဒီနေ့လည်းရန်ကုန်ကလာပြီး တောလမ်းအတိုင်း ခိုးဝင်တဲ့ ၂ နှစ်သား ကလေးငယ်အပါအဝင် မြန်မာနိုင်ငံသား ၅၃ ဦးကို ဖမ်းမိလိုက်ပြန်ပါတယ်။

ဖြစ်စဉ်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ အင်္ဂါနေ့ နံနက်ပိုင်းမှာ စံခလဘူရိမြို့နယ်ကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၅၃ ဦးကို ဖမ်းမိခဲ့တာဖြစ်ပြီး ဒီအထဲမှာ မိခင်နဲ့အတူ ပါလာတဲ့ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၂၁ ဦး ပါဝင်ကာ သူတို့အားလုံးဟာ ယာဉ်လေးစီးပေါ်မှာ ပြွတ်သိပ်စီးနင်းလိုက်ပါလာခဲ့ကြတာပါ။

ဒါပေမဲ ယာဉ်မောင်းလေးဦးစလုံးကတော့ ကားတစ်စီးနဲ့ မောင်းနှင်ထွက်ပြေးလွတ်မြောက်သွားခဲ့လို့ အာဏာပိုင်တွေက ယာဉ်သုံးစီးကိုသာ သိမ်းဆည်းရမိခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကိုတော့ သောင်းဖာဖုမ်ရဲစခန်းမှာ ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လွှဲပြောင်း ပို့ဆောင်ပေးခဲ့တာပါ။
စကားပြန်ကတစ်ဆင့် စစ်ဆေးမေးမြန်းမှုအရ တရားမဝင် ဝင်ရောက်လာသူအားလုံးဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့က ထွက်ခွာလာကြပြီး စန်ခလဘူရိမြို့နယ်၊ ဘန်ဘိုယီပွန်တောလမ်းအတိုင်း တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြတယ်လို့ ထွက်ဆိုခဲ့သလို သူတို့ဟာ ဖရာနခွန်ဆီအယုဒ္ဓယနဲ့ ဆူရတ်ဌာနီပြည်နယ်တွေမှာ အလုပ်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ကုန်းလမ်း၊ ရေလမ်း နှစ်မျိုးစလုံးကို အသုံးပြု ခိုးဝင်ခဲ့ကြတာဖြစ်ပြီး ခရီးလမ်းဆုံးရောက်ရှိမယ်ဆို တစ်ဦးကို ဘတ်ငွေ ၁၅,၀၀၀ ကနေ ၁၈,၀၀၀ အထိ ပွဲစားကို ပေးရမှာလို့ ထွက်ဆိုခဲ့ကြပါတယ်။
