၁.၉.၂၀၂၅
Translated by Htwe Ko Tun
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဩဂုတ်လ ၃၁ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၄၇ မိနစ်က ပြင်းအား ၆ ဒသမ ၀ မဂ္ဂနီကျူ့ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ပါကစ္စတန်နိုင်ငံနယ်စပ်အနီးရှိ ကူနာပြည်နယ်တွင် အနည်းဆုံး လူ ၆၀၀ ကျော် သေဆုံးခဲ့ပြီး အခြား လူ ၁,၃၀၀ ကျော်ဒဏ်ရာများရခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံပိုင် အသံလွှင့်ဌာန RTA က ထုတ်လွှင့်သွားခဲ့ကြောင်း သိရသည်။
ငလျင်၏ဗဟိုချက်က နန်ဂါဟာပြည်နယ်ရှိ ဂျာလာလာဘတ်မြို့အနီးတွင်ဖြစ်ပြီး အနက် ၁၄ ကီလိုမီတာ ( ၈ ဒသမ ၇ မိုင်) တွင် လှုပ်ခတ်သွားခဲ့ခြင်းဟုလည်း သိရသည်။ ဂျာလာလာဘတ်မြို့က မြို့တော် ကဘူးမှ ၁၁၉ ကီလိုမီတာ(၇၄ မိုင်) ကွာဝေးသည်။
ငလျင်ကြောင့် ဒဏ်ရာရရှိသူ ရာနှင့်ချီ၍ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဒေသခံအရာရှိတစ်ဦးကလည်း ငလျင်ကြောင့် သေဆုံးဒဏ်ရာရသူဦးရေမှာ တိုးလာနိုင်သေးကြောင်း ပြောခဲ့သည်။
တောင်ထူထပ်သောပြည်နယ်အတွင်း ခရိုင်အချို့၌ ကယ်ဆယ်ရေးသမားများအနေဖြင့်လည်း ထိခိုက်ဒဏ်ရာရသူများကို ကယ်ဆယ်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြရကြောင်း သိရသည်။
ငလျင်ပထမအကြိမ်လှုပ်ပြီးနောက် မိနစ် ၂၀ အကြာတွင် နန်ဂါဟာပြည်နယ်အတွင်း၌ပင် ပြင်းအား ၄ ဒသမ ၅ မဂ္ဂနီကျူ့ရှိ နောက်ဆက်တွဲငလျင်က အနက် ၁၀ ကီလိုမီတာ(၆ ဒသမ ၂ မိုင်) ၌ ထပ်မံလှုပ်ခတ်ခဲ့သည်။ ထို့နောက် မကြာမီပင် တူညီသော မြေအနက်၌ ပြင်းအား ၅ ဒသမ ၂ မဂ္ဂနီကျူ့ရှိ အခြား နောက်ဆက်တွဲငလျင်ကပါ ထပ်မံလှုပ်ခတ်ခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်ကလည်း ပြင်းအား ၆ ဒသမ ၃ မဂ္ဂနီကျူ့ရှိ ငလျင်လှုပ်ခတ်ခဲ့သေးရာ အနည်းဆုံး လူ ၁,၅၀၀ ခန့်သေဆုံးခဲ့ရသေးသည်။
Ref-Sky News, BBC



