၃၁.၈.၂၀၂၅
Written By Zun
KIA ဗိုလ်မှူးအဆင့်ရှိသူက ကိုယ်ထိလက်ရောက် ရိုက်နှက်ကာ ထိပ်တုံးခတ်အချုပ်ချခဲ့သည့် လီဆူအမျိုးသမီးနှစ်ဦးအား ယွမ်ငွေ တစ်သောင်းပေးကာ အမှုကျေအေးလိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

သြဂုတ်လ ၂၉ ရက် ညနေက ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာတွင် KIA တပ်ရင်း (၅၁) မှ တပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးလဖိုင်ဂျာလီအောင်က လီဆူအမျိုးသမီးနှစ်ဦးအား ရိုက်နှက်၍ ထိပ်တုံးခတ် အချုပ်ချခဲ့သောကြောင့် သြဂုတ်လ ၃၀ ရက်တွင် ဒေသခံပြည်သူ အင်အား တစ်ရာကျော်က KIO/KIA ဆက်ဆံရေးရုံးရှေ့တွင် ဆန္ဒပြခဲ့ပြီးနောက် ကျေအေးခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

အမျိုးသမီး အများစုပါဝင်သော ဆန္ဒပြသူများက ဆန္ဒပြရာတွင် “ဗိုလ်မှူးလဖိုင်ဂျာလီအောင် အလိုမရှိ၊ အမြန်ဆုံး အရေးယူပေး၊ အမြန်ဆုံး ထွက်ခွာသွား” ဟူ၍ ကြွေးကြော်ခဲ့ကြကြောင်း MT News က ဖော်ပြခဲ့ပြီးလည်း ဖြစ်သည်။
“အခုက လျော်ကြေးပေး ကျေအေးတဲ့ သဘောပေါ့ဗျ။ ကျွန်တော်လည်း သိရသလောက်ပေါ့” ဟု ဒေသခံ တစ်ဦးက MT News ကို ပြောသည်။

KIA တပ်မဟာ(၇) လက်အောက်ခံ အမှတ်(၅၁) တပ်ရင်းမှူး လဖိုင်ဂျာလီအောင်သည် ယခင်က KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ လုံခြုံရေးတာဝန်ယူခဲ့ဖူးသူဖြစ်ပြီး လက်ရှိ လန်ဆယ်ဒေသတွင် ဩဇာအာဏာအကြီးဆုံးသူဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရ ငြိမ်း ချမ်းရေးအဖွဲ့ ချုပ်က ယနေ့ သြဂုတ်လ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ရာတွင် KIA တပ်ရင်း (၅၁) မှ ဗိုလ်မှူး လဖိုင်ဂျာလီအောင်နှင့် KIA တပ်သားနှစ်ဦးတို့သည် ဆော့လော်မြို့နယ်၊ လန်ဆယ် (လော် ချိန်) ကျေးရွာရှိ ရွှေလုပ်ကွက်တွင် ဈေးရောင်းထမင်းချက် လုပ်ကိုင်နေသူ လီဆူအမျိုးသမီး အသက် (၃၄) နှစ် အရွယ် မအာလူးမီကို ရွှေခိုးသည်ဟု မတရားစွပ်စွဲကာ ခြောက်ပေါက်(ထိပ်တုံး)သို့ထည့်သွင်း ဖမ်းဆီး၍ သေနတ်ဒင်ဖြင့် ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်မှာ ကချင်ပြည်နယ်အထူးဒေသ (၁) တွင် ပထမဦးဆုံး ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုလည်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ယခုကဲ့သို့ ပြုလုပ်ခြင်းသည် လီဆူအမျိုးသမီးထုအပေါ် စော်ကားရာရောက်ကဲ့သို့ အမျိုးသမီးထုအပေါ်ကိုလည်း ခြိမ်းခြောက်ရာရောက်သည့်သဘောကို တွေ့မြင်ရကြောင်း၊ KIA မှ မိမိတို့ဒေသကို ကျူးကျော် သိမ်းပိုက်ခဲ့ပြီး နောက် ပြည်သူကို ရေနှင့်ငါးကဲ့သို့ အုပ်ချုပ်သွားမည်ဟု ပြောဆိုခဲ့သော်လည်း ဒေသအတွင်းရှိအမျိုးသမီးများအပေါ် နှုတ်ဖြင့်စော်ကားခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းများ ပြုလုပ်လာသည့်အတွက် အမျိုးသမီးများ၏ ဘဝလုံခြုံရေးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဒေသအတွင်းရှိ အမျိုးသမီးများကို လက်နက်အားကိုးပြီး အနိုင်ကျင့် အကြမ်းဖက်ကာ အာဏာရှင် ဆန်ဆန် ဖိနှိပ်နေသည်ကို တွေ့မြင်ရသည်မှာ မိမိတို့၏ မိသားစု၊ မိမိတို့၏ မျိုးနွယ်စုများ၊ မိမိတို့၏ ပြည်သူများကို အနိုင်ကျင့်စော်ကားခြင်းသာ ဖြစ်သည့်အတွက် ပြည်သူများနှင့်ထပ်တူခံစားရသည့်အတွက် အမျိုးသမီးများ ၏ဘဝများ ဘေးကင်းလုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အမြန်ဆုံး ကြိုးစားဆောင်ရွက်သွားမည်ဟု သံဓိဌာန်ပြုကြောင်းလည်း ထုတ်ပြန် ဖော်ပြထားသည်။
