◾ မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ထောက်ခံအားပေးလျက်ရှိသည့်အပြင် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ပေးသွားမည်
သတိုး
၃၁. ၈. ၂၀၂၅
မြေရှားသတ္တုတူးဖော်ရေးနှင့် လုံခြုံရေးကဏ္ဍတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်အလားအလာကောင်းများရှိကြောင်း သဘောတူညီခဲ့သည်ဟု အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ယနေ့ ထုတ်ဖော်ပြောကြားလိုက်သည်။

“ကျွန်ုပ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တီယန်ကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒနှင့်အိမ်နီးချင်းဦးစားပေးရေးမူဝါဒများ၏ အရေးပါတဲ့ မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။ ကုန်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေး၊ စွမ်းအင်၊မြေရှားသတ္တုတူးဖော်ရေး နှင့် လုံခြုံရေးကဏ္ဍတွေမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့အတွက်အလားအလာကောင်းများရှိေကြာင်း ကျွန်ုပ်တို့နှစ်ဦးသဘောတူညီခဲ့ကြပါသည်။”ဟု မိုဒီက X တွင် မြန်မာဘာသာစကားဖြင့် ရေးသားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi နှင့် ယနေ့ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် တီယန်ကျင်းမြို့ရှိ Wanda Vista ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့်အတူ အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေးနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ထောက်ခံအားပေးလျက်ရှိမှုနှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ပေးသွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအား SCO အဖွဲ့ဝင်ဖြစ်စေရေး အိန္ဒိယနိုင်ငံမှ ထောက်ခံပေးလျက်ရှိမှု အခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
