◾ နှစ်နိုင်ငံအကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသလို လက်ရှိတွင် မူဆယ်-မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနှင့် မန္တလေး-ကျောက်ဖြူမီးရထား လမ်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ
◾ လာမည့် ဒီဇင်ဘာလတွင် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုများ ပိုမိုအားကောင်းလာစေမည်ဖြစ်သလို တည်ငြိမ်မှု ရှိလာသည်နှင့်အမျှ စီးပွားရေး ဆောင်ရွက်မှု အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဟု ပြောကြား
သတိုး
၁. ၉. ၂၀၂၅

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဥ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေး ပညာရှင်များသည် ဩဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် တရုတ် -မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးပွဲကို တီယန်ကျင်းမြို့ရှိ တန်ဂလာဟိုတယ်၌ ကျင်းပြပြုလုပ်ခဲ့သည်ဟု သိရကာ မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား နားလည်မှုစာချွန်လွှာ (၆) ခု လက်မှတ်ရေးထိုးနိုင်ခဲ့သလို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှစ်နိုင်ငံလက်တွဲဆောင်ရွက်ရမည့် စီးပွားရေးစီမံကိန်းအခြေအနေများအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ် တွင် လိုက်ပါလာကြသည့် အဖွဲ့ဝင် များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လိုသည့်ပုဂ္ဂိုလ်များနှင့် ရင်းနှီး မြှုပ်နှံထားသည့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ သည် မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့်အတွက် နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေး၊ နယ်စပ် ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန် ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဘက်စုံ လွှမ်းခြုံသည့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (Myanmar- China Comprehensive Strategic Cooperative Partnership) ကို နှစ်နိုင်ငံအကြား စတင်နိုင်ခဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အလား အလာကောင်းများကို နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏတို့သည် သိသာထင်ရှား စွာ တိုးတက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုအများဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် အဆင့် (၂) နေရာတွင် ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်၊၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၇၇၀၀ ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇူလိုင်လအထိစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်ရှိသည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ခိုင်မာ အားကောင်းနေသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ဆန်၊ ပဲမျိုးစုံနှင့် နှမ်းစသည့် စိုက်ပျိုးရေး ထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ ကျွန်း၊ သစ်မာ ကုန်ကြမ်းများနှင့် သစ်အခြေခံ အချောထည် ထုတ်ကုန်များကို အဓိကတင်ပို့လျက်ရှိကြောင်း၊ မိမိတို့ ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်များကို ဖြန့်ဖြူးတင်ပို့ နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အတွက် နှစ်နိုင်ငံအကြား တို့အနေဖြင့် တန်ဖိုးမြင့်သစ် အခြေခံထုတ်ကုန်များ . အဖြစ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တို့ကို ယခုထက်ပိုမိုတိုးမြှင့်ဆောင် ရွက်သွားရန် ဆန္ဒရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့အပြင် မိမိတို့နှစ်နိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ် ဂိတ်များသည် အရေးပါသော ကဏ္ဍမှပါဝင်နေကြောင်း၊ နယ်စပ်ဒေသကုန်သွယ်ရေးသည် နှစ်နိုင်ငံ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးကို တိုက်ရိုက် အထောက်အကူ ပြုနေခြင်းကြောင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ကုန်သွယ်ရေးလုပ်ငန်း များ ပြန်လည်စတင်နိုင်စေရန် တတ်နိုင်သရွေ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း၊ ယခုအခါ မြန်မာ-တရုတ် နယ်စပ်ဒေသ မတည်ငြိမ်မှုများကြောင့် ယူနန်စီးပွားရေးကိုလည်း ထိခိုက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ် နိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှုများ ယခင်ထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှတစ်ဆင့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစီပယ်ဒေသ၊ ကွမ်ရှီး ပြည်နယ်၊ နန်နင်းမြို့အထိကုန်သွယ်ရေး လမ်းကြောင်းအား တိုးချဲ့ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ အဆိုပါကုန်သွယ် ရေးလမ်းကြောင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံလုံးအတွက် အဓိကကုန်သွယ်ရေးလမ်းကြောင်း ဖြစ်လာမည့်အပြင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဒေသ၊ အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသများမှ မြန်မာနိုင်ငံကို ပေါင်းကူး တံတား (Landbridge) အနေဖြင့် အသုံးပြုပြီး အာဆီယံ နိုင်ငံများကိုလည်း စီးပွားရေးဆိုင်ရာ ကုန်သွယ်ချိတ်ဆက်မှုများ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေ ဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဦးစွာအလေးထားပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ် ကြောင်းလည်း ယာယီသမ္မတက ပြောကြားသည်။

အလားတူ တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့်ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍများတွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံ ကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် မူဆယ်-မန္တလေး မီးရထား လမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနှင့် မန္တလေး-ကျောက်ဖြူမီးရထား လမ်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေး-မူဆယ်မီးရထားလမ်းသည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်သွယ်ရေးအချက်အချာ ဖြစ်သည့် မန္တလေးမြို့ကို ချိတ်ဆက် ဖောက်လုပ်မည့် အမြန်ရထား လမ်းဖြစ်ပြီး တရုတ်နိုင်ငံတွင် ဆောက်လုပ်လျက်ရှိသည့် ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဖြစ်ကြောင်း၊ မူဆယ်မြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အရေးပါဆုံးသော နယ်စပ်ဂိတ်တည်ရှိရာမြို့ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး တန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၂၀၀ ကျော်ရှိသည့်အနက် သန်း ၂၀၀၀ ကျော်သည် မူဆယ်-ရွှေလီနယ်စပ်ဂိတ်မှ ကုန်စည် စီးဆင်းမှုဖြင့် ရရှိခြင်းဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါမီးရထားလမ်း စီမံကိန်းသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းရှိ ပင်လယ်ထွက်ပေါက်မရှိသည့် တောင်ပိုင်း ပြည်နယ်များကို မြန်မာနိုင်ငံမှတစ်ဆင့် ပင်လယ်ထွက်ပေါက် ရရှိစေနိုင်သော အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ကြောင်း၊ မူဆယ်-မန္တလေး ရထားလမ်းသည် ကျောက်ဖြူ-ကူမင်း မီးရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်း၏ အဓိကကျသည့် အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်ကြောင်း၊ မန္တလေး-ကျောက်ဖြူ ရထား လမ်းစီမံကိန်းသည် တရုတ်နိုင်ငံ အတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့်အလားအလာရှိသော အခွင့်အလမ်းကောင်းများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် နယ်နိမိတ်ချင်းထိစပ်တည်ရှိနေ သည့်အတွက် ကုန်သွယ်မှုများ ပြုလုပ်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ် နိုင်ငံတို့ ဆုံဆည်းရာနေရာတွင် ပထဝီအနေအထားအရ အချက်အချာကျကျ တည်ရှိလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှု အနေဖြင့်လည်း လမ်းဆုံနေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများသည် တရုတ်နိုင်ငံအတွက် အလားအလာကောင်းများရှိသည် ကို အသိပေးပြောကြားလိုကြောင်း။ ထို့ပြင် အဆိုပါမီးရထားလမ်း စီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး ကုန်သွယ်နိုင်မည်ဆိုပါက မိမိတို့နှင့် ပထဝီ အနေအထားအရ အလှမ်းဝေးကွာ သော်လည်း နှစ်နိုင်ငံလုံးနှင့်ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအထိ ကုန်သွယ်မှုပြုလုပ်နိုင်မည့် အလားအလာကောင်းများရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံတို့ . အလယ်တွင် တည်ရှိလျက်ရှိရာ မြန်မာ- တရုတ်-ရုရှား သုံးနိုင်ငံပူးပေါင်းပြီး ကုန်သွယ်ရေးကဏ္ဍကို တိုးချဲ့ ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း ကုန်စည်စီးဆင်းမှုကိုလည်းများစွာ အထောက်အကူပြုနိုင်သည့် အခွင့်အလမ်းကောင်းများထွက်ပေါ်လာနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) စာချုပ်ကို အတည်ပြုခဲ့သည့် ပထမဆုံးနိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံကို RCEP သဘောတူစာချုပ်တွင် ၂၀၂၂ ခုနှစ် မေလ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့သည်ကို အတည်ပြုပေးခဲ့ ကြောင်း၊ RCEP သဘောတူစာချုပ်အပြင် တရုတ်- မြန်မာနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူ စာချုပ်၊ အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုဒေသ ဆိုင်ရာ သဘောတူစာချုပ် (ACFTA)နှင့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေပါ အကာအကွယ် ပေးရေးနှင့် လွယ်ကူချောမွေ့စေရေး အစီအမံများကြောင့် မိမိတို့ နှစ်နိုင်ငံ အကြားအပြင် ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုပါ ခိုင်ခိုင်မာမာ တိုးမြှင့်ဆောင်ရွက် သွားနိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း၊ တရုတ်နိုင်ငံက ဦးစီးဆောင် ရွက်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ (Belt and Road Initiative-BRI)မှာ မြန်မာနိုင်ငံ အနေဖြင့် ပါဝင်ဆောင်ရွက်လျက် ရှိသည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် ပထမအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့အကြား ပိုးလမ်းမကြီးစီးပွားရေး ရပ်ဝန်းနှင့် (၂၁) ရာစု ရေကြောင်း ပိုးလမ်းမကြီး ကနဦးအစီအစဉ် မူဘောင်အတွင်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် အဆိုပါစီမံကိန်းတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းတွင် ကုန်းလမ်းနှင့် ရေကြောင်း လမ်းနှစ်သွယ်ဖြင့် ပိုးလမ်းမစီမံကိန်းဆိုကာ မဏ္ဍိုင် နှစ်ရပ်ပါရှိပြီး ပထမမဏ္ဍိုင်တွင် တရုတ်နှင့် ဥရောပနိုင်ငံများ စီးပွားရေးချိတ်ဆက်မှု ပိုးလမ်းမ (Silk Road Economic Belt) နှင့် ဒုတိယမဏ္ဍိုင်တွင် အရှေ့ တောင်အာရှ၊ အာဖရိက၊ ဥရောပ နိုင်ငံတို့နှင့် ရေကြောင်းဆိုင်ရာ ဆက်သွယ်မှု ပိုးလမ်းမ (Maritime Silk Road) ဆိုပြီး သတ်မှတ် ထားရှိကြောင်း၊ အဆိုပါစီမံကိန်းမှာ အပြည်ပြည်ဆိုင်ရာစင်္ကြံ ခြောက်ခုပါရှိပြီး မြန်မာနိုင်ငံအနေဖြင့် ကုန်းလမ်းနှင့် ရေလမ်း (၂)မျိုးလုံးအသုံးပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ(BCIM) စီးပွားရေးစင်္ကြံနှင့် တရုတ်-အင်ဒိုချိုင်းနား ကျွန်းဆွယ် စီးပွားရေးစင်္ကြံတို့တွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်း ခြောက်ခုမှာ မန္တလေး-မူဆယ် ရထားလမ်း စီမံကိန်းလည်း အပါအဝင်ဖြစ်ပြီး မိမိတို့အနေဖြင့် စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မီးရထားလမ်း စီမံကိန်းသည် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသည့်ကဏ္ဍ တစ်ခုဖြစ်သည့်အပြင် BRI စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်စိတ်တစ်ပိုင်းအဖြစ် အထောက်အကူပြု နေကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံ လုံးအတွက် များစွာအထောက်အကူပြုသည့် စီမံကိန်းဖြစ်သည့်အတွက် အဆိုပါ စီမံကိန်းကို အမြန်ဆုံး ပြီးမြောက်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ တရုတ်နိုင်ငံက ကြီးမှူး ဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဦးဆောင် ဦးရွက်ပြုမှု အစီအစဉ်(Global Development Initiatives-GDI) တွင် ပါဝင်သည့် ဦးစားပေးနယ်ပယ် ရှစ်ခုတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေခြင်းကြောင့် မိမိတို့ မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ငန်းရှင်များအနေ ဖြင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်တရုတ်မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်လုပ်ဆောင်ရန် လွယ်ကူချောမွေ့စေရန် ရည်ရွယ်ပြီး ကုန်သွယ်မှု၊ နယ်စပ်ငွေ လွှဲပြောင်းပေးချေမှုနှင့် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရာတွင် ယွမ်-ကျပ် တိုက်ရိုက်ငွေပေးချေမှု စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ အနေဖြင့် နှစ်နိုင်ငံအကြား နယ်စပ် ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက် ပိုမိုတိုးမြှင့်သွားလို ကြောင်း၊ ထို့ကြောင့် မိမိတို့၏ မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ်သက်သာခွင့် များကိုသိသာစွာပံ့ပို့ပေးထားသည့်အပြင် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှု ဆောင်ရွက်သူများအတွက် နစ်နာမှု မရှိစေရေး ကြိုးပမ်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာလတွင်မြန်မာ နိုင်ငံ၌ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေး တည်ငြိမ်မှုများ ပိုမိုအားကောင်းလာ စေမည်ဖြစ်ကြောင်း၊ တည်ငြိမ်မှု ရှိလာသည်နှင့်အမျှ စီးပွားရေး ဆောင်ရွက်မှု အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံမှ မြေပေါ်၊ မြေအောက်၊ ရေသယံဇာတများ၊ လူသားအရင်းအမြစ်များနှင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းလိုက်ပါက နှစ်နိုင်ငံအတွက် သိသာသည့် ရလဒ်ကောင်းများ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံတို့ကဲ့သို့ သော စီးပွားရေးဈေးကွက်ကြီးမား သည့် နိုင်ငံများနှင့်လည်း နီးကပ်စွာ မဟာဗျူဟာ အချက်အချာကျကျ တည်ရှိနေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများအားလုံး၊ အထူးသဖြင့် တရုတ်နိုင်ငံကဲ့သို့သော အိမ်နီးချင်း နိုင်ငံများနှင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားရှိကြောင်း၊ မိမိအနေဖြင့် ယခုကဲ့သို့ တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေး လုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် နှစ်နိုင်ငံ အကြား များစွာအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို မျှဝေဆွေးနွေးခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းမြောက် မိကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ယုံကြည်ကြည်ဖြင့် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ပါကြာင်း၊ ယခုတွေ့ဆုံ ဆွေးနွေးပွဲမှ တစ်ဆင့် နှစ်နိုင်ငံအကြားဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန် သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။
