MT News
၁. ၉. ၂၀၂၅
နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲက ထရန်စဖော်မာများတွင် အသုံးပြုသည့် ကြေးကြိုး/ဒန်ကြိုးများနှင့်အတူ တွေ့ရှိသူ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဒက္ခိဏသီရိရပ်ကွက် ရွှေနှင်းဆီ(၁)လမ်းရှိ “ဝင်းမဟာ” အဟောင်းပစ္စည်း ရောင်းဝယ်ရေးဆိုင်ရှေ့တွင် ကုန်တင်ယာဉ်တစ်စီးရပ်တန့်ထားပြီး ပစ္စည်းများ တင်ဆောင်နေသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဝင်ရောက်စစ်ဆေးရာ ဆိုင်ပိုင်ရှင်ဖြစ်သည့် အဆိုပါ ရပ်ကွက်နေ ကျော်လွင်(ခ)ဦးကျော် ၄၉ နှစ်၊ တစ်ရပ်ကွက်တည်းနေသူများဖြစ်ကြသည့် ဒေါ်ညွန့်ညွန့် ၅၁ နှစ်၊ အလုပ်သမားများဖြစ်သော ဖိုးချစ်သဲ(ခ)ချက်ကြီး ၂၂ နှစ်၊ မျိုးမင်းထက်(ခ) ဝတုတ်(၃၀)နှစ်၊ ရဲအောင် ၃၆ နှစ်၊ တင်လှိုင် ၄၀ နှစ်၊ မြစ်သားမြို့နယ် ကသဲကုန်းရွာနေ စိုင်းဘဦး(ခ) ရှမ်းလေး ၃၉ နှစ်နှင့် အောင်ချမ်းသာရွာနေ မျိုးဇော်ဝင်း ၂၅ နှစ် စုစုပေါင်းရှစ်ဦးတို့ကို လျှပ်စစ်မီးတိုင်များနှင့် ထရန်စဖော်မာများတွင် အသုံးပြုသည့် လျှပ်စစ်ကြေးကြိုး/ဒန်ကြိုး စုစုပေါင်း အလေးချိန် ၆၁၅ ပိဿာနှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ကျော်လွင်(ခ)ဦးကျော်ပါ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဒက္ခိဏသီရိမြို့မရဲစခန်းက (ပ)၄၆/၂၀၂၅ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ပပက ၆ (၁) ဟု အတိုကောက်ခေါ်ဆိုသည့်
ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) သည် အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပါရှိစေကာမူ သူတစ်ဦးဦးသည် ပြည်သူပိုင်ပစ္စည်း တစ်ရပ်ရပ်အား အခွင့်အာဏာမရှိဘဲ လက်ဝယ်ရှိလျှင်ဖြစ်စေ၊ ပြည်သူပိုင်ပစ္စည်းတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံးစားမှု သို့မဟုတ် အကျိုးဖျက်ဆီးမှု ကျူးလွန်လျှင်ဖြစ်စေ၊ ထိုသူကို ထောင်ဒဏ်ခုနစ်နှစ်ထိ ဖြစ်စေ၊ ကြိမ်ဒဏ် (ကြိမ်ဒဏ်ပေးခြင်းအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ၂၇/၂၀၁၄ အရ ရုပ်သိမ်းသည်။) ဖြစ်စေ၊ ထောင်ဒဏ်နှင့် ကြိမ်ဒဏ် (ကြိမ်ဒဏ်ပေးခြင်းအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ၂၇/၂၀၁၄ အရ ရုပ်သိမ်းသည်။)နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ပြဌာန်းထားသည်။
