MT News
၂၅. ၈. ၂၀၂၅
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန်၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ဂုဏ်ထူးရှင်တို့ ဂုဏ်ပြုစို့” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကိုယ်စား ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ပညာရေးသည် တစ်ဦးတစ်ယောက်ချင်းအတွက် အရေးကြီးရုံသာမက လူ့ပတ်ဝန်းကျင်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဓိကကျကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်မည်ဆိုပါက ရွေးချယ်မှုနှင့် ဒီမိုကရေစီသဘောတရားများ လက်တွေ့အကောင်အထည်ဖော်ရာတွင် ပညာတတ်မြောက်မှုမြင့်မားရန်လိုကြောင်း၊ ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမည့် အသိဉာဏ်၊ ဗဟုသုတ၊ အတွေးအခေါ်ရှိကြရန်လိုကြောင်း၊ ထို့ကြောင့် လူငယ်များအတွက် အတတ်ပညာသာမက အသိပညာဗဟုသုတပြည့်ဝရေးသည် နိုင်ငံအတွက် အလွန်အရေးကြီးကြောင်းကို အသိပေးပြောကြားလိုကြောင်း၊ ယခုနှစ်တွင် အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီး၏ ဆိုးရွားသည့်ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသော်လည်း နိုင်ငံတော်နှင့် ပြည်သူများ၏ တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်မှုများဖြင့် အခက်အခဲများ၊ အဟန့်အတားများကို တုံ့ဆိုင်းမှုမရှိကျော်လွှားနိုင်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့အပြင် တက္ကသိုလ်များ၊ ကျောင်းများကို အခက်အခဲများကြားမှ အတတ်နိုင်ဆုံး မရပ်မနားပုံမှန်ဖြစ်အောင်ဖွင့်လှစ်ပြီး အန္တရာယ်များကြားက စိတ်ကောင်းစေတနာများဖြင့် သင်ကြားရေးအဆက်မပြတ်အောင် ကြိုးစားဆောင်ရွက်ခဲ့ခြင်းများ၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းများသည် ပညာရေးသမိုင်းတွင် မှတ်တမ်းကောင်းတစ်ခုအဖြစ် ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ထိုသို့အခက်အခဲများကြားက ရုန်းထပြီး စစ်မှန်သည့် အရည်အသွေးနှင့် အရည်အချင်းကို ထုတ်ဖော်ပြနိုင်ခဲ့သည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည် ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဘာသာစုံဂုဏ်ထူးရှင် (၁၉၆) ဦးအထိ ပေါ်ထွက်လာခဲ့ကြောင်း ပြောကြားသည်။

ထို့အပြင် ယနေ့တွင် ဘာသာစုံဂုဏ်ထူးရှင်များကို ရွှေစင်တစ်ကျပ်သားဒင်္ဂါးပြား၊ ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသည့် ကျောင်းသား ကျောင်းသူ (၃၃)ဦးကို ရွှေစင်တစ်ကျပ်သားဒင်္ဂါးပြားများ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆုတန်ဖိုးပမာဏထက် ဆုရရှိသူများ၏ ကြိုးစားမှု၊ အောင်မြင်မှုဂုဏ်ဒြပ်နှင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍနှင့် ထူးချွန်ထက်မြက်သည့် လူငယ်များကို ဂုဏ်ပြုချီးမြှောက်လိုသည့် ဆန္ဒက အဆမတန်သာလွန်နေသည်ဆိုသည်ကို ပြောကြားလိုကြောင်း၊ ထို့အပြင် ယမန်နှစ်ကကဲ့သို့ ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိခဲ့ကြသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ပြည်ပလေ့လာရေးခရီးစဉ်များ စေလွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးအား တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ဝိဇ္ဇာဘာသာတွဲ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအားလည်းကောင်း၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဘာသာစုံဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား လည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌတို့က ဘာသာစုံဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်းဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
