၂၅. ၈. ၂၀၂၅
Written by Thettant
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ပါဂျရိုဈေးတွင် မြန်မာအမျိုးသမီးဈေးသည်များ ခိုက်ရန်ဖြစ်ပွားမှုနှင့်ပတ်သက်၍ မဲဆောက်မြို့ခံများက စိုးရိမ်မကင်းဖြစ်ကာ သက်ဆိုင်ရာအာဏာပိုင်များအား ဝင်ရောက်ထိန်းသိမ်းပေးရန် တိုက်တွန်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အရေးယူလိုက်ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့က မဲဆောက်မြို့ရှိ ပါဂျရိုဈေးတွင် မြန်မာအမျိုးသမီးဈေးသည်များ ရန်ဖြစ်နေသည့် ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် လူအများ၏စိတ်ဝင်စားမှုကို ရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မဲဆောက်မြို့မရဲစခန်းမှ ဒုရဲမှူးကြီး ရန်းဒါဝဒ်ဒင်းက စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီးများ ရန်ဖြစ်သည့် အကြောင်းရင်းမှာ ငရုတ်သီးအရောင်းအဝယ်နှင့်ပတ်သက်ပြီး ငွေကြေးအပေးအယူ မပြေလည်ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏စစ်ဆေးချက်အရ သိရသည်။

ငရုတ်သီးရောင်းသူက ပိုက်ဆံလာတောင်းသည့်အခါ လှောင်ပြောင်ပြောဆိုခဲ့ရာမှ မကျေနပ်ဖြစ်ပြီး တုတ်ဖြင့် ပြေးလိုက်ရိုက်ခဲ့ကြောင်း၊ ထို့နောက် အခြားမြန်မာအမျိုးသားနှင့် အမျိုးသမီးများလည်း ပါဝင်လာကာ နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားများဖြစ်သော၊ ဒေါ်ခင်စန်းဦး (၄၄) နှစ်၊ ဒေါ်ခင်ဆွေမူ (၃၃) နှစ်၊ ဒေါ်မေသာချိုင်း (၃၅) နှစ်၊ ဒေါ်စန်းစန်းထွေး (၃၅) နှစ်၊ ဒေါ်ထိုက်ထိုက်အောင် (၃၁) နှစ်နှင့် ဒေါ်မိုမိုကြည် (၃၅) နှစ်တို့ ခြောက်ဦးကို အများပြည်သူနှင့်ဆိုင်သောနေရာတွင် ရန်ဖြစ်မှုဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ ထို့အပြင် တရားမဝင်နေထိုင်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းတို့ဖြင့်လည်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဤကဲ့သို့သော ဖြစ်ရပ်မျိုးသည် ဒေသခံပြည်သူများအကြား ထိခိုက်မှုများဖြစ်ပေါ်စေပြီး မလိုလားအပ်သည့် ပြဿနာများကို ဖြစ်ပေါ်စေနိုင်သဖြင့် မဲဆောက်မြို့ခံများနှင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများက သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ထိရောက်သည့် ဖြေရှင်းနည်းလမ်းများ ချမှတ်ပေးရန်နှင့် နောင်တွင် ထပ်မံမဖြစ်ပွားစေရန် စနစ်တကျ စီမံခန့်ခွဲပေးရန် တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
Ref, Siamrath
