
MT News
၂၄. ၈. ၂၀၂၅
ဗီယက်နမ်နိုင်ငံတွင် သြဂုတ်လ ၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ည ၇ နာရီက နိုဗိုတယ် ရန်ကုန် မက်စ်တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပြီးနောက် ဒုတိယဆု ရရှိခဲ့သည့်အတွက် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေ အမေရိကန် ဒေါ်လာ ရှစ်သောင်း(USD 80000)အား အသင်းသို့ ချီးမြှင့် ပေးအပ်ခဲ့သည်။

ယင်းနောက် ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ကြရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျပ်သိန်း (၂၅၀)၊
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်ဇနီး ဒေါ်ဌေးဌေးခိုင်က ကျပ်သိန်း(၃၀၀၀)၊ Paing Family Int’l Co Ltd. က ကျပ်သိန်း (၃၀၀)၊ RGK+ZNA group က ကျပ်သိန်း (၂၀၀)၊ MFF Women’s Football Committee ဥက္ကဋ္ဌ ဒေါ်ခင်စံပါယ်ကြည်က ကျပ်သိန်း(၂၀၀)၊ ဟံသာဝတီ ယူနိုက်တက် အသင်းပိုင်ရှင် ဦးအောင်မိုးကျော်က ကျပ်သိန်း(၂၀၀)၊ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက ကျပ်သိန်း (၁၀၀)၊ ရှမ်းယူနိုက်တက်အသင်းပိုင်ရှင် ဦးခွန်နောင်မြင့်ဝေက ကျပ်သိန်း (၁၀၀) ၊ MFF Futsal and Beach Soccer Committee ဥက္ကဋ္ဌ ဦးဝင်းသော်က ကျပ်သိန်း(၁၀၀)၊ National Tower Development Co Ltd. က ကျပ်သိန်း(၁၀၀)၊ Mother Trading Co Ltd. က ကျပ်သိန်း(၁၀၀)၊ Poe Poe Trading Co Ltd. ကကျပ် သိန်း (၁၀၀)၊ MNL League ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်းက ကျပ် သိန်း(၁၀၀)၊ ရန်ကုန်စီးတီး အသင်းပိုင်ရှင် ဒေါက်တာ ထက်ခိုင်ဝင်းက ကျပ်သိန်း(၁၀၀)၊ ရခိုင်ယူနိုက်တက် အသင်းပိုင်ရှင် ဦးလှကျော်ဝင်းက ကျပ်သိန်း(၁၀၀)၊ KPO Company Ltd. က ကျပ်သိန်း (၁၀၀)၊ ရာမည အသင်းပိုင်ရှင် ဦးသင်းမောင်စိုးက ကျပ်သိန်း (၅၀)၊ ကချင်ယူနိုက်တက် အသင်းပိုင်ရှင် ဒေါ်လဖိုင်နန်ပရီက ကျပ်သိန်း(၃၀) အသီးသီး ချီးမြှင့်ခဲ့သည်။

ထိုသို့ ချီးမြှင့်မှုများကြောင့် မြန်မာ့လက်ရွေးစင် အမျိူးသမီး အသင်းအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ချီးမြှင့်ခဲ့သည့် ဂုဏ်ပြုဆုငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ရှစ်သောင်း(USD 80000)နှင့် အလှုရှင် အသီးသီးက ချီးမြှင့်ငွေ စုစုပေါင်း ကျပ်သိန်း (၅၂၃၀) ရရှိခဲ့သည်။
အခမ်းအနားတွင် မြန်မာ့လက်ရွေးစင် အမျိူးသမီး အသင်းခေါင်းဆောင် ခင်မာလာထွန်းနှင့် ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံးဆုရှင် ဝင်းသိင်္ဂီထွန်းက ကျေးဇူးတင်စကား အသီးသီး ပြောကြားပြီးနောက် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကာ ဂုဏ်ပြုပွဲအခမ်းအနား ရုပ်သိမ်းခဲ့သည်။

၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်တွင် အစဥ်အလာ ခါးသီးပြိုင်ဘက် ထိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်လာ ၃၀,၀၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့သေးသလို အကြိုဗိုလ်လုပွဲကို ကျော်ဖြတ်နိုင်၍လည်း ကျပ်သိန်း ၂၀၀၀ ဆုချီးမြှင့်မှုများ ရရှိထားသည်ဟု ဗိုလ်လုပွဲမတိုင်မီကလည်း ကြေညာခဲ့သေးသည်။

