
MT News
၂၄. ၈. ၂၀၂၅
Water Cooler ထဲ မူးယစ်ဆေးများ ထည့်ကာရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သို့ သယ်ဆောင်သည့် ငွေကျပ် ၁ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၆ ဒသမ ၃၆ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဩဂုတ်လ ၇ ရက်နေ့ ည ၈ နာရီခွဲအချိန် တောင်ကြီးမြို့၊ အေးသာယာကားကြီးဝင်းတွင် သိန်းထွန်းဦး(ခ)ဘိုဘို မှ မန္တလေးသို့ လူမဲ့တန်ဆာဖြင့်တင်ပို့မည့် Water Cooler ၈ လုံးအတွင်းမှ ပလတ်စတစ်ဆပ်ပြာခွက်များဖြင့်ထည့်လျက် ဘိန်းဖြူ ၇ ဒသမ ၀၂ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၁,၀၅၃ သိန်း)အား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ အလားတူ Water Cooler များအအတွင်း ဘိန်းဖြူများထည့်သွင်း၍ ကားဂိတ်များမှတစ်ဆင့် လူမဲ့တန်ဆာဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ တင်ပို့ထားကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့ပတ်လမ်းရှိ ကုန်စည်ဂိတ်၌ ဇင်ကိုအောင်(ခ)အောင်သူ အား Water Cooler ၁၃ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတည်းခိုနေထိုင်သည့် အောင်မြေသာစံမြို့နယ်၊ သီရိမန္တလာကားဝင်းအနီးရှိ တည်းခိုခန်းအား ဆက်လက်ရှာဖွေရာ မင်းမင်းဇော်(ခ)ကိုဇော် နှင့်အတူ Water Cooler ၁၀ လုံးအား လည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ အောင်မြေသာစံမြို့နယ်၊ သီရိမင်္ဂလာကားဝင်းရှိကားဂိတ်သို့ လူမဲ့တန်ဆာဖြင့် ပေးပို့ထားသော Water Cooler ၁၁ လုံးနှင့် ချမ်းမြရွှေပြည်ကားဝင်းရှိကားဂိတ်မှ Water Cooler ၅ လုံးတို့အား အသီးသီးသိမ်းဆည်းရမိခဲ့သဖြင့် မန္တလေးမြို့တွင် ကလေးမြို့သို့ ဆက်လက်ပို့ဆောင်မည့် Water Cooler ၃၉ လုံးအတွင်းမှ ဘိန်းဖြူအလေးချိန် ၃၄ ဒသမ ၆၄ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၈,၆၆၀)အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်၍ ၎င်းတို့ ၂ ဦးသည် မန္တလေးမှကလေးမြို့သို့ လူမဲ့တန်ဆာဖြင့် အလားတူတင်ပို့ထားသော Water Cooler ၂ လုံးအား မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ ကားဂိတ်တွင် လည်းကောင်း၊ ၎င်းတို့ငှားရမ်းနေထိုင်သော မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိနေအိမ်မှ Water Cooler ၁၄ လုံးအားလည်းကောင်း ဆက်လက်ရှာဖွေတွေ့ရှိခဲ့သဖြင့် မုံရွာမြို့တွင် Water Cooler ၁၆ လုံးအတွင်းမှ ဘိန်းဖြူအလေးချိန် ၁၄ ဒသမ ၇ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၇,၃၅၀) သိမ်းဆည်းရမိခဲ့ကြောင်း၊ စုစုပေါင်း ဖမ်းဆီးရမိ ဘိန်းဖြူ အလေးချိန် ၅၆ ဒသမ ၃၆ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁ ဒသမ ၇,၀၆၃ ဘီလျံ)ဖြစ်ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဘိန်းဖြူများအား လားရှိုးမှ ကလေးသို့ တာဝန်ခံသယ်ဆောင်သူ ဘောက်လာ(ခ)ဂျိမ်းဖော အား မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တွင် လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ဘိန်းဖြူများအား ဝယ်ယူ၍ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူ စိန်းလျံထန် နှင့် အာကာလင်း တို့အား ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိနေအိမ်တွင် လည်းကောင်း၊ မန္တလေးမှကလေးသို့ ဘိန်းဖြူများ တာဝန်ခံသယ်ဆောင်သူ ချစ်မင်းဟန်(ခ)အစွယ် အား ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်၊ သီရိမာလာ(အရှေ့)ရပ်ကွက်တွင် လည်းကောင်း အသီးသီးဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ ဝမ်စန့်ကျေးရွာနေ အိုက်ငင်းဦး(ခ)အိုက်ကျန်ဦး(ဖမ်းမမိ)ထံမှ ကလေးမြို့နေ လာလ်ပဲက်စိုင်း(ဖမ်းမမိ)နှင့် ဝူလ်မွှေး(ဖမ်းမမိ)တို့မှ ဝယ်ယူ၍ ကလေးမြို့သို့ အဆင့်ဆင့်သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

