
၂၄.၈.၂၀၂၅
Written by KL
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၀/၅ အနီးတွင် ယနေ့ သြဂုတ်လ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က မော်တော်ယာဥ်တစ်စီး ရှေ့ဘီးပေါက်ကာ လမ်းလယ်ကျွန်းရှိ ထန်းပင်ကို ဝင်တိုက်သဖြင့် လိုက်ပါလာသူ နှစ်ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“ကားရဲ့ ရှေ့ဘယ်ဘက်ဘီးပေါက်ပြီး ကားက လမ်းလယ်ကျွန်းပေါ်က ထန်းပင်ကို ဝင်တိုက်တာ။ လိုက်လာတဲ့ အမျိုးသားနှစ်ယောက်လည်း နေရာမှာပဲ ဆုံးသွားတယ်”ဟု ယာဥ်တိုက်မှုကို သွားရောက်ကူညီသူတစ်ဦးက ပြောသည်။

ဖြစ်စဥ်မှာ -ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော Nissan Wingroad အမျိုးအစား အဖြူရောင်ယာဉ်မှာ မိုင်တိုင်အမှတ် ၈၀/၅ အနီးတွင် ရှေ့ဘယ်ဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်ကို ဝင်တိုက်ပြီး မော်တော်ယာဥ်မှာ လမ်းလယ်ကျွန်းပေါ်တွင် ရပ်တန့်ခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် အသက် ၅၅ နှစ်အရွယ်များဖြစ်ကြသော ယာဥ်မောင်း ဦးမင်းသန့်တွင် ဘယ်မျက်ခုံးပေါက်ပြဲသွေးထွက်ဒဏ်ရာနှင့် ဘယ်ညာနားသွေးထွက်ဒဏ်ရာ၊ ဦးဝင်းမျိုးအောင်တွင် နဖူးပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ ဘယ်လက်ခုံစုတ်ပြဲ၊ ဘယ်ညာနားသွေးထွက်ဒဏ်ရာ၊ ညာခြေသလုံးရိုးကျိုး၊ ဘယ်ခြေသလုံးပေါက်ပြဲသွေးထွက်ဒဏ်ရာတို့ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူနှစ်ဦးကို မြို့ချောင်းလူမှုကူညီရေးအသင်းမှအသင်းဝင်များက မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုအရှိန်ကြောင့် မော်တော်ယာဥ်ကိုယ်ထည် ပိန်ချိုင့်ပျက်စီးခဲ့သည့်အပြင် ရှေ့နောက်လေကာမှန်နှင့်ဘယ်ညာဘေးတံခါးမှန်များကွဲကြေခဲ့ပြီး ယာဥ်ခေါင်းပိုင်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ယာဥ်မတော်တဆမှုနှင့်ပတ်သက်၍ သေဆုံးသူယာဥ်မောင်းကို မြို့ချောင်းအမြန်လမ်းရဲစခန်းက အမှုဖွင့်ကာစစ်ဆေးနေကြောင်း သိရသည်။
