၂၁. ၈. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲတွင် အခြားသူအကူအညီမယူဘဲ မသန်းစွမ်းသူများကိုယ်တိုင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ယမန်နေ့က ပြုလုပ်သည့် မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေးအသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်းအစီအစဉ်မှ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မသန်စွမ်းသူများ၊ အထူးသဖြင့် အမြင်အာရုံမသန်စွမ်းသူများ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေးအတွက် မျက်မမြင်လက်စမ်းစာ (Braille) ကို အခြေခံသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို တီထွင်ပြုလုပ်ပေးမှုသည် အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရန် ကြိုးစားပေးရာရောက်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားသည်။
မျက်မမြင်လက်စမ်းစာ (Braille) မတတ်ကျွမ်းသည့် အမြင်အာရုံမသန်စွမ်းသူများအပါအဝင် ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူများအနေဖြင့် ကိုယ်တိုင် သို့မဟုတ် လိုအပ်ပါက မသန်စွမ်းသူကိုယ်တိုင်ရွေးချယ်သည့် အကူလူပုဂ္ဂိုလ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းသူအားလုံး တက်တက်ကြွကြွပါဝင်ဆန္ဒမဲပေးရန်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်အပါအဝင် တက်ရောက်လာသော မသန်စွမ်းကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ပံ့ပိုးပူးပေါင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့နောက် မသန်စွမ်းသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအစီအစဉ်များ ဆောင်ရွက်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအားဖြင့် မသန်စွမ်းသူများကိုယ်တိုင် အခြားသူတစ်ဦးဦး၏ အကူအညီမပါဘဲ လျှို့ဝှက်ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
