





၁၇.၉.၂၀၂၆
Writtten by Linn Eain
ရန်ကုန်မှမန္တလေးအထိ အမြန်လမ်းတစ်လျှောက် တိုးဂိတ်ကြီး ၆ ဂိတ်တွင် ကြိုတင်ငွေပေးသွင်း၍ အလိုအလျောက်လမ်းအသုံးပြုခကောက်ခံသောစနစ် (TollPass RFID) ယနေ့(စက်တင်ဘာ ၁၇ ရက်)တွင် စတင်ရောင်းချတပ်ဆင်ပေးပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
TollPass RFID စနစ်ကို အသုံးပြု၍ ခရီးသွားလိုသောပြည်သူများအတွက် စတ်တင်ဘာ ၁၇ ရက်က စတင်၍ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး၏ (၀မိုင်၇ဖာလုံ) အမှတ်(၃)တိုးဂိတ်၊ (၂၀၁မိုင် ၃ဖာလုံ) စီလမ်းဆုံ တိုးဂိတ်နှင့် (၃၅၂မိုင် ၄ဖာလုံ) စကားအင်းတိုးဂိတ်များရှိ TollPass Counter များတွင် ကနဦး ဝန်ဆောင်မှုပေး ဖွင့်လှစ်တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။
တပ်ဆင်လိုသည့်ယာဥ်ပိုင်ရှင်များအနေဖြင့် TollPass RFID စနစ် အသုံးပြုနိုင်ရန် စမတ်ဖုန်း၊ စနစ် တပ်ဆင်မည့်ယာဥ်နှင့် ကညနယာဥ်မှတ်ပုံတင်(ဝှီးတက်) Vehicle Registration Card (Wheel Tax) တို့ယူဆောင်လာရမည်ဖြစ်ပြီး TollPass မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များအနေဖြင့် စမတ်ဖုန်းဖြင့် မှတ်ပုံတင်၍ Applicationထည့်သွင်းခြင်း၊ ယာဉ်အချက်အလက်များအား မှတ်တမ်းတင်ခြင်း၊ ယာဉ်တွင် RFID Sticker ကပ်ခြင်း TollPass Unit TPU ၅၀၀၀ နှင့်အထက်ကြိုတင်ဖြည့်သွင်းခြင်း (အနည်းဆုံး ၅၀၀၀၀ ကျပ်)တို့ ဆောင်ရွက်ရမည်ဖြစ်ပြီး RFID Sticker နှင့် တစ်နှစ်စာဝန်ဆောင်ခအတွက် ၂၀၀၀၀ ကျပ် ကတ်အသစ်တပ်ဆင်တိုင်းပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
TollPass စနစ်တပ်ဆင်ပြီးပါက ရန်ကုန်-မန္တလေးအမြန်လမ်းသို့ဝင်ရောက်ရာတွင် Toll Gate များရှိ TollPass သီးသန့် ယာဥ်ကြောမှအများဆုံး 20 km/hr နှုန်းဖြင့်သာမောင်းရမည်ဖြစ်ပြီး ယာဥ်ဝင်လာသည်နှင့်တပြိုင်နက် မောင်းတံအလိုအလျောက်ပွင့်သွားကာ လမ်းအသုံးပြုခပေးရန်တန်းစီစောင့်ဆိုင်းစရာမလိုဘဲ ဆက်လက်မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖြတ်သန်းခြင်းအတွက်လမ်းအသုံးပြုခကောက်ခံမည့်စနစ်မှာ တိုးဂိတ်(၂)ခုအကြား အကွာအဝေးအတိုင်း လမ်းဦးစီးဌာနကသတ်မှတ်ထားသော ယာဥ် Class အလိုက်နှုန်းထားများအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း (ဥပမာအားဖြင့် ၀ မိုင် အမှတ်(၃) ဂိတ်သို့ ရန်ကုန်မှလာသော Class 1 ယာဉ်အတွက် ၁၁၅ မိုင် ဖြူးတိုးဂိတ်အထိ 1500 TPU သတ်မှတ်ဖြတ်တောက်၍ကောက်ခံပါမည်)၊ TollPass စနစ်အသုံးပြုသူများအနေဖြင့် မိမိပေးသွင်းပြီးသော ငွေမှာ TollPass Unit (TPU) စနစ်သို့ ပြောင်းလဲပြီးဖြစ်၍ ပြန်အမ်းငွေ ထုတ်ယူ၍မရနိုင်ပါကြောင်းနှင့် TollPass Unit (TPU) များ၏ သက်တမ်းမှာ RFID စတစ်ကာ စတင်ထုတ်ပေးသည့်ရက်ကစ၍ (၁)နှစ်တိတိဖြစ်ကြောင်းသိရသည်။
စက်တင်ဘာ ၁၇ ရက် စတင်ရောင်းချရာတွင် ငွေပေးချေမှုများကို ငွေသားဖြင့်သာလက်ခံမည်ဖြစ်သော်လည်း မကြာမီအွန်လိုင်းငွေပေးချေစနစ်များဖြစ်သော MMQR , KBZ Pay, AYA Pay, WAVE Pay တို့ဖြင့်ပေးချေနိုင်မည်ဖြစ်ကြောင်း၊ TollPass RFID စနစ်သည် ယခင် Ez Go ETC စနစ်ကဲ့သို့ Onboard Unit OBU စက်များတပ်ဆင်ပြီး ကတ်များဖြင့်ကိုယ်တိုင်လာရောက်ငွေဖြည့်ရန်မလိုတော့ဘဲ အွန်လိုင်းငွေလွှဲစနစ်ဖြင့် TPU ဖြည့်(Top Up)နိုင်ခြင်း၊ ဖုန်းအက်ပ်မှတဆင့်မိမိယာဥ်အတွက် TPU လက်ကျန်၊ ဖြတ်သန်းခဲ့သောခရီး၊ လမ်းအသုံးပြု TPU ဖြတ်တောက်မှုတို့ကို အချိန်မရွေးစစ်ဆေးနိုင်ခြင်းတို့ကြောင့် ပိုမိုလွယ်ကူ/ကျစ်လျစ်/လုံခြုံစိတ်ချရသောစနစ်ဖြစ်ကြောင်း သိရသည်။
ယာဥ်ပိုင်ရှင်များသည် https://tollpasshub.com/ တွင် စမတ်ဖုန်းအတွက် My TollPass Application ကို Download ရယူရမည်ဖြစ်ပြီး TollPass စတင်တပ်ဆင်လိုသူများနှင့် တပ်ဆင်ပြီးကြုံတွေ့ရသော အခက်အခဲများကို ဖြေရှင်းပေးရေးအတွက် Hotline: 09792574060 , 09778888861 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
