၁၇.၉.၂၀၂၆
Written by Thiri
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်မှာ စက်တင်ဘာ ၁၅ ရက် ညပိုင်းက မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ မဆင်မခြင် မောင်းနှင်ရာမှ လမ်းဖြတ်ကူးသူတွေကို ဝင်ရောက်တိုက်မိခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က စက်တင်ဘာ ၁၅ ရက် ည ၇ နာရီခန့်မှာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ် (၉) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ရာ ၊ ဗိုလ်အောင်ကျော်လမ်းအတိုင်း မြောက်မှ တောင်ဘက်ကို လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်နေ ဦးအောင်နိုင်သူ (၃၉ နှစ်) မောင်းနှင်လာတဲ့ MITSUBISHI PICKUP မော်တော်ယာဉ်ဟာအခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ မဆင်မခြင် မောင်းနှင်မိတာကြောင့် လမ်းဖြတ်ကူးသူ ကုလားကြီးစုကျေးရွာနေ ဦးသန်းထိုက်အောင် (၄၅ နှစ်) နှင့် ၎င်းရဲ့ သမီးဖြစ်သူ မရွှန်းဝတီသန်းထိုက် (၄ နှစ်) တို့ကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးသန်းထိုက်အောင်တွင် ပြင်းထန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး သမီးဖြစ်သူ မရွှန်းဝတီသန်းထိုက်မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ ယာဉ်အား ပေါ့လျော့မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း အောင်နိုင်သူ ကို သောင်ကြီးနယ်မြေရဲစခန်းက ယာဉ် (ပ) ၁၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ၊ ပုဒ်မ ၃၃၈ ၊ ပုဒ်မ ၂၇၉ တို့နဲ့ အမှုဖွင့်လှစ်ကာ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
