၁၇.၉.၂၀၂၆
translated by Htwe Ko Tun
ဂါဇာကမ်းမြောင်ဒေသ၊ ဂါဇာမြို့အတွင်း တာလ် အယ်လ်-ဟာဝါ နယ်မြေတွင် ဗုံးဒဏ်ကြောင့် ထိခိုက် ပျက်စီးနေသော ခြောက်ထပ် အဆောက်အအုံတစ်ခု စက်တင်ဘာလ ၁၆ ရက် နံနက်အစောပိုင်းက ပြိုကျမှုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ကလေးငယ် ခြောက်ဦးအပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပြီး၊ အခြားလူ ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိကာ လူအများအပြားမှာလည်း အပျက်အစီးများအောက်တွင် ပိတ်မိနေကြောင်းသိရသည်။
စက်တင်ဘာလ ၁၆ ရက်တွင် ကယ်ဆယ်ရေးလုပ်သားများက အပျက်အစီးများကြား၌ ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေခဲ့ကြပြီး၊ စစ်ဒဏ်ကြောင့် ပျက်စီးနေသော ပါလက်စတိုင်းဂါဇာဒေသတွင် လေးလံသော စက်ယန္တရားကြီးများ အသုံးပြုခွင့်ကို အစ္စရေးဘက်က ကန့်သတ်ထားခြင်းကြောင့် ကိစ္စရပ်အများစုတွင် ၎င်းတို့၏ လက်ဗလာများဖြင့်သာ ရှာဖွေခဲ့ကြရသည်။



“အပျက်အစီးတွေအောက်ကနေ လူတွေရဲ့အသံကို ကျွန်တော်တို့ ကြားနေရတုန်းပါပဲ” ဟု ဂါဇာမြို့ရှိ အရပ်ဘက် ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ရာအက် အယ်လ်-ဒါရှန် က ပြောကြားခဲ့သည်။ ၎င်းက ပြိုကျသွားသော အဆောက်အအုံတွင် အနည်းဆုံး မိသားစု ၁၀ စု နေထိုင်ခဲ့ကြောင်းနှင့် အသက်ရှင် ကျန်ရစ်သူများကို ထပ်မံတွေ့ရှိနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။
“ကျွန်တော့်သူငယ်ချင်းနဲ့ အိမ်နီးချင်းတွေ ဒီအဆောက်အအုံမှာ နေကြတာပါ၊ သူငယ်ချင်းအတွက် အဝတ်အစားနဲ့ မွေ့ယာတချို့ သွားယူပေးဖို့ ကျွန်တော် လာခဲ့တာပါ။ လက်ရှိမှာ သူ့အတွက် နေစရာအိမ် မရှိတော့ပါဘူး။”” ဟု ဒေသခံ မိုဟာနတ် အယ်လ်-မတ်ရှ်ဟာရာဝီ က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ “
အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေစဉ် သေဆုံးသူဦးရေ တိုးလာနိုင်ဖွယ်ရှိသေးကြောင်းလည်း သိရသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၏ ဂါဇာရုံး တာဝန်ခံ အလက်ဆန်ဒရို မရာကစ်က “လိုအပ်တဲ့ စက်ကိရိယာတွေနဲ့ စက်ယန္တရားတွေ မရှိတော့ အခြေအနေက ဝမ်းနည်းကြေကွဲစရာ ကောင်းပါတယ်၊ ဒါကြောင့် လညး ခုဆို လူတွေက လက်ဗလာတွေနဲ့ပဲ တူးဖော်ရှာဖွေနေကြရတာပါ” ဟု ပြောကြားခဲ့သည်။
မိုးပိုရွာနိုင်သည့် ဆောင်းဦးနှင့် ဆောင်းရာသီ နီးကပ်လာသည်နှင့်အမျှ၊ စစ်ဒဏ်သင့်ဒေသရှိ ဗုံးဒဏ် ကြောင့် ပျက်စီးထားသော အခြားအဆောက်အအုံ ရာနှင့်ချီ၍လည်း မိုးရေက မတည်မငြိမ် ဖြစ်စေနိုင် ကြောင်း မရာကစ်က သတိပေးပြောကြားခဲ့သည်။
၎င်းက “ပြိုကျနိုင်ခြေရှိတဲ့ အဆောက်အအုံ ၄၀၀ လောက် ရှိပါတယ်၊အထူးသဖြင့် လာမယ့်ဆောင်း ရာသီမှာ ဒီအဆောက်အအုံတွေ ပြိုကျလာလိမ့်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။” ဟုဆိုခဲ့သည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဂါဇာရှိ ပျက်စီးနေသော အဆောက်အအုံ ၂,၀၀၀ ခန့်တွင် စစ်ဘေးရှောင်ပါလက်စတိုင်းမိသားစုများ ဆက်လက်နေထိုင်လျက်ရှိကြရသည်ဟု ဆိုသည်။၊ ၎င်းတို့အနက် အများအပြားက နေထိုင်ရန် လုံလောက်သော တဲများမရှိသည့်အတွက် လေနှင့်မိုးဒဏ် ကာကွယ်နိုင်ရန် ထိုအဆောက်အအုံများတွင် နေထိုင်နေရခြင်းကသာ ၎င်းတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ နည်း လမ်း ဖြစ်ကြောင်း Reuters သတင်းဌာနသို့ပြောခဲ့ကြသည်။
“ယနေ့ဖြစ်ပွားခဲ့သော ဝမ်းနည်းဖွယ်ရာဖြစ်ရပ်သည် ဤကဲ့သို့သော အဆောက်အအုံများတွင် နေထိုင်ကြသည့် မိသားစုများ ကြုံတွေ့နေရသော ကြီးမားသည့်အန္တရာယ်များနှင့် ပိုမိုလုံခြုံသော နေထိုင်စရာရွေးချယ်စရာများ အရေးတကြီး လိုအပ်နေမှုကို မီးမောင်းထိုးပြနေပါသည်” ဟု ပါလက်စတိုင်းနယ်မြေများဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ရာမစ်ဇ် အလက်ဘာရော့ဗ်က ပြောကြားခဲ့သည်။
“လုံခြုံသော နေထိုင်စရာနေရာတစ်ခု ရရှိရေးအတွက် လုပ်ဆောင်သင့်ကြပြီး မိမိတို့၏ အသက်ကို စွန့်စားရမည့် အခြေအနေမျိုး မည်သူမျှ မကြုံတွေ့သင့်ပါ” ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ဂါဇာဒေသတွင် အကြီးစားစက်ယန္တရားများ မလုံလောက်မှုက အစ္စရေး၏ ကန့်သတ်ချက်များကြောင့် ဖြစ်သည်ဟု ပါလက်စတိုင်းနှင့် ကုလသမဂ္ဂ တာဝန်ရှိသူများက အပြစ်တင်ပြောဆိုထားကြသည်။
အစ္စရေးဘက်က မူ ဟားမားစ် လက်နက်ကိုင်အဖွဲ့၏ လက်ထဲသို့ ထိုကဲ့သို့သော စက်ယန္တရားများ ရောက်ရှိသွားခြင်းကို မလိုလားကြောင်း ပြောကြားထားသည်။ ဟားမားစ်အဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလက အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွင် ထိုစက်ကိရိယာများကို အသုံးပြုခဲ့ဖူးပြီး၊ ထိုဖြစ်ရပ်ကြောင့် အစ္စရေးက ဂါဇာဒေသအပေါ် ပြင်းထန်သော တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အများစုမှာ အရပ်သားများဖြစ်ကြသည့် ပါလက်စတိုင်းပြည်သူ ၇၃,၀၀၀ ကျော် သေဆုံးခဲ့ရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်၏ ထောက်ခံမှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက်ပိုင်းမှစ၍ ဂါဇာဒေသတွင် ပါလက်စတိုင်းပြည်သူ ၁,၃၀၀ ကျော် သေဆုံးခဲ့ရပြီး၊ အစ္စရေးစစ်တပ်ဘက်မှ စစ်သည် ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Ref: AFP, Reuters
