၁၇.၉.၂၀၂၆
Written by Thiri
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စက်တင်ဘာ ၁၅ ရက်က ပထမတန်းကျောင်းသူလေးတစ်ဦးကို ကျောင်းအပြန်လမ်းမှာ ခေါ်ဆောင်သွားပြီး ရိုက်နှက်ကာ နားကပ်လုယူ စွန့်ပစ်ခဲ့တဲ့ အိမ်နီးချင်း အမျိုးသမီးတစ်ဦးကို (အသက် စုံစမ်းဆဲ) မြဝတီမြို့မရဲစခန်းက စက်တင်ဘာ ၁၆ ရက်မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရပါတယ်။
ဖြစ်စဉ်က မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ စိုက်ပျိုးရေးဇုန်မှာ မိခင်ဖြစ်သူနဲ့ အတူ တန်းလျားငှားနေထိုင်တဲ့ ပထမတန်းကျောင်းသူလေးကို အခန်းချင်းကပ်လျက်နေသူ မိုးမိုးခိုင်က စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့် (ကလေးငယ် ကျောင်းပြန်ချိန်) မှာ လမ်းကနေ ဖြတ်ခေါ်သွားပြီး စာသင်ကျောင်းအနီးရှိ “ဗုဒ္ဓကျေးဇူး” ကျောင်းအတွင်း လူသူပြတ်လပ်တဲ့ နေရာဆီ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။



အဆိုပါနေရာအရောက်မှာ ကလေးငယ်ကို မူးယစ်စေတဲ့အရည်တစ်မျိုး တိုက်ပြီး နားကပ်လုယူစဉ် ကလေးငယ်က ပြန်လည်ခုခံကာ မိုးမိုးခိုင်ရဲ့ လက်ကို ကိုက်ခဲ့တာကြောင့် မိုးမိုးခိုင်က ကလေးငယ်ကို အသက်ရှူရပ်လုနီးပါး ရိုက်နှက်ညှင်းပန်းခဲ့ရာ ကလေးငယ်မှာ သတိလစ် မေ့မြောသွားခဲ့တယ်လို့ သိရပါတယ်။
မိုးမိုးခိုင်က သတိလစ်နေတဲ့ ကလေးငယ်ကို ဆိုင်ကယ်တက္ကစီငှားရမ်းကာ အခင်းဖြစ်နေရာနဲ့ ၁ မိုင်ကျော်ဝေးတဲ့ အမှတ် (၄) ရပ်ကွက်၊ ရွှေဘုန်းပွင့် (၁၀) လမ်းရှိ လူသူပြတ်လပ်တဲ့နေရာမှာ သွားရောက်စွန့်ပစ်ခဲ့တယ်လို့ ဖြစ်စဉ်ကို ရဲတပ်ဖွဲ့ထံ ထွက်ဆိုပါတယ်။
သတိပြန်ရလာတဲ့ ကလေးငယ်က အော်ဟစ်ငိုယိုနေတာကို ရေကားမောင်းသူတစ်ဦးက တွေ့ရှိကြားသိကာ မြဝတီဆေးရုံကြီးဆီ သွားရောက်တင်ပို့ ကုသပေးခဲ့ရကြောင်းလည်း သိရပါတယ်။ မိုးမိုးခိုင်က ကလေးငယ်ထံမှ လုယူခဲ့တဲ့ ကာလတန်ဖိုး ငွေကျပ် ၅ သိန်းခန့်ရှိ နားကပ်ကို ငွေကျပ် ၁ သိန်း ၉ သောင်းနဲ့ ရောင်းချကာ အွန်လိုင်းလောင်းကစား ပြုလုပ်ဖို့ ပြင်ဆင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကလေးငယ်ကို ပြန်ပေးဆွဲ ရိုက်နှက်ကာ ပစ္စည်းလုယူခဲ့သူ မိုးမိုးခိုင်အား မြဝတီမြို့မရဲစခန်းက စက်တင်ဘာ ၁၆ ရက်တွင် (ပ) ၃၃၀/၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃၊ ပုဒ်မ ၃၇၉ တို့နဲ့ အမှုဖွင့်လှစ်ကာ တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။
