သက်တံ့
၁၇. ၉. ၂၀၂၆
မလေးရှားနိုင်ငံ၊ ဂျိုဟိုး (Johor) ပြည်နယ် အလယ်ပိုင်းတွင် တည်ရှိသော ခရိုင်မြို့ကလူအန်တွင် အင်္ဂါနေ့ (စက်တင်ဘာ ၁၅ ရက်) က အနှိပ်ခန်းများကို ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် ရွှေ့ပြောင်းလုပ်သား ၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး Datuk Mohd Rusdi Mohd Darus က ညနေ ၇ နာရီတွင် ပြုလုပ်ခဲ့သော အဆိုပါစစ်ဆင်ရေးသည် တရားမဝင်အနှိပ်ခန်းဝန်ဆောင်မှုများ ဆောင်ရွက်နေသည့် နေအိမ်များကို အဓိက ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သူတို့ရဲ့ လုပ်ဆောင်ပုံနည်းလမ်းကတော့ လူတိုင်းသုံးနိုင်တဲ့ လူကြိုက်များတဲ့ မိုဘိုင်းဆက်သွယ်ရေး ပလပ်ဖောင်းတွေဖြစ်တဲ့ WeChat နဲ့ WhatsApp တို့ကနေတစ်ဆင့် ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်” ဟု ၎င်းက ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ပြောကြားထားသည်။
Mohd Rusdi ၏ ပြောကြားချက်အရ ည ၈ နာရီခွဲတွင် ပြီးဆုံးခဲ့သည့် စစ်ဆင်ရေးအတွင်း ဘတ်ဂျက်ဟိုတယ် တစ်ခု၊ နေအိမ် နှစ်ခုနှင့် အနှိပ်ခန်း သုံးခု စုစုပေါင်း နေရာ ခြောက်ခုကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ရရှိထားသော သတင်းအချက်အလက်များအရ အဆိုပါ ဝန်ဆောင်မှုများကို ဝန်ဆောင်မှုတစ်ခုလျှင် ရင်းဂစ် ၇၉ မှ ၁၈၀ အထိ သတ်မှတ်ကာ ငွေသားဖြင့် ပေးချေစေပြီး ဝန်ဆောင်မှုပေးအပ်နေခြင်းဖြစ်သည်ဟု ယူဆရကြောင်း ၎င်းက ပြောသည်။
“ဒီလိုလုပ်ရပ်တွေကို လုပ်ဆောင်ဖို့အတွက် နေအိမ်တွေကို အသုံးပြုနေတာကိုလည်း စုံစမ်းတွေ့ရှိခဲ့ရပါတယ်” ဟု ၎င်းက ပြောသည်။
အာဏာပိုင်များ၏ သတိပြုမိမှုမှ ကင်းဝေးစေရန် အချို့သော အဖွဲ့အစည်းများ အသုံးပြုနေသည့် ပုန်းရှောင်နည်းဗျူဟာများကို ယခုစစ်ဆင်ရေးက တိုက်ရိုက်ဖော်ထုတ်လိုက်ခြင်းဖြစ်ကြောင်း Mohd Rusdi က ဆက်လက်ပြောကြားသည်။
ထိန်းသိမ်းခံရသူများတွင် ဗီယက်နမ် အမျိုးသမီး ခုနစ်ဦး၊ ထိုင်း အမျိုးသမီး သုံးဦး၊ အင်ဒိုနီးရှား အမျိုးသမီး သုံးဦးနှင့် မြန်မာ အမျိုးသမီး ရှစ်ဦးတို့ ပါဝင်သည်။ ကျန်သူများမှာ ဗီယက်နမ် အမျိုးသား တစ်ဦး၊ အင်ဒိုနီးရှား အမျိုးသား သုံးဦး၊ နီပေါ အမျိုးသား တစ်ဦးနှင့် မြန်မာ အမျိုးသား တစ်ဦးတို့ဖြစ်ကြပြီး ဖမ်းဆီးခံရသူ အားလုံး၏ အသက်မှာ ၂၅ နှစ်မှ ၄၁ နှစ်ကြား ရှိကြောင်း Mohd Rusdi က ပြောသည်။
ထို့အပြင် အဆိုပါနေရာများ၏ ကြီးကြပ်သူများဟု ယူဆရသည့် ဒေသခံ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းက ပြောသည်။
“တရားမဝင် နိုင်ငံခြားသားတွေကို စုံစမ်းစစ်ဆေးမှုတွေနဲ့ ဆက်လက် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဂျိုဟိုးဘာရူးမှာရှိတဲ့ စတီယာ ထရိုပီကာ (Setia Tropika) လူဝင်မှုကြီးကြပ်ရေး စခန်းမှာ ထိန်းသိမ်းထားပါတယ်” ဟု Mohd Rusdi က ပြောကြားခဲ့သည်။
Ref: The Star
